သင့်ကလေးကို ကွန်ပျူတာနဲ့ ဘယ်လိုမိတ်ဆက်မလဲ?

နိဒါန်း

                သင့်ရဲ့ ကလေးကို ကွန်ပျူတာနဲ့ ဘယ်အရွယ်မှာ မိတ်ဆက်ပေးတာ မှားတယ်၊ ဘယ်အရွယ်မှာ မိတ်ဆက်ပေးတာ မှန်တယ်ဆိုပြီး အတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကလေးကို စက်ဘီးတစ်စီး ပထမဦးဆုံးအနေနဲ့ ဝယ်ပေးဖို့ဆုံးဖြတ်ရသလိုပေါ့။ 

                လမ်းကို သေသေချာချာ လျှောက်တတ်စ အရွယ်ကတည်းက ဘီးထောက်လေးတွေပါတဲ့ စက်ဘီးမျိုး ဝယ်ပေးမလား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စက်ဘီးအတူတူစီးနိုင်တဲ့ အရွယ်ကျမှ တကယ့်စက်ဘီးဝယ်ပေးမလား၊ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ကလေးကို မိသားစုကွန်ပျူတာနဲ့ ဘယ်အရွယ်မှာ မိတ်ဆက်ပေးမယ်ဆိုတာ မိသားစုလူနေမှုပုံစံ၊ နည်းပညာအပေါ် ကိုယ့်ရဲ့တန်ဖိုးထားမှု၊ စတာတွေအပြင် အရေးအကြီးဆုံးက ကလေးရဲ့အသင့်ဖြစ်မှုအပေါ်မှာ မူတည်နေပါတယ်။ 

                ဒီဆောင်းပါးမှာ ကလေးတစ်ယောက်ကို ကွန်ပျူတာနဲ့ ဘယ်လိုမိတ်ဆက်ပေးသင့်တယ်၊ ဘယ်လိုသုံးခိုင်းသင့်တယ်၊ အင်တာနက်ကို ဘယ်လိုသုံးခိုင်းသင့်တယ်၊ စသည်တို့ကို ရေးသား၊ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာနှင့် စတင်မိတ်ဆက်ခြင်း

                မိသားစု လူနေမှုပုံစံအပေါ်မှာ မူတည်တယ်လို့ အပေါ်မှာပြောခဲ့ပါတယ်။ ကိုယ့်မိသားစု လူနေမှုပုံစံက နည်းပညာပစ္စည်းတွေနဲ့ ဝန်းရံထားတယ်၊ နေရာတကာ ကွန်ပျူတာမပါရင် မပြီးဘူးဆိုတဲ့ အနေအထားမှာ ကလေးကို မျက်စိပွင့်ကတည်းက သူ့ဓာတ်ပုံလေးတွေ ကွန်ပျူတာပေါ်မှာ ဒါမှမဟုတ် Tablet ပေါ်မှာ ပြပေးတာတွေ ဖြစ်နိုင်ပါတယ်။ 

                ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ကလေးတစ်ယောက်ဟာ အနည်းဆုံး ၆ လ အရွယ်ရှိမှ စက်ပစ္စည်းကိရိယာတွေကို ကောင်းကောင်း သိနိုင်စွမ်းရှိပါတယ်။ အဲဒီလို ခြောက်လကျော်လာပြီဆိုတာနဲ့ အရောင်တွေ၊ ဓာတ်ပုံတွေ၊ အသံတွေကို သိနိုင်စွမ်းရှိလာပါပြီ။ အဲဒီတော့ ကွန်ပျူတာ၊ Tablet စတာတွေအပေါ်မှာ အရောင်လေးတွေ ပြပေးတာမျိုး၊ ဓာတ်ပုံလေးတွေ ပြပေးတာမျိုး၊ သီချင်းလေးတွေ ဖွင့်ပေးတာမျိုးလုပ်ပြီး ကလေးကို မိတ်ဆက်ပေးလို့ရပါပြီ။

                ကလေးတစ်ယောက်ဟာ အသက် ၁ နှစ်ကနေ ၂ နှစ်အတွင်း အကြောင်းအကျိုး ဆက်စပ်မှု သဘောတရားတွေကို နားလည်နိုင်စွမ်း ရှိလာပါတယ်။ ကီးဘုတ်ကို နူးနူးညံ့ညံ့ကိုင်တွယ်ဖို့ လိုတယ်ဆိုတာမျိုးကအစ သိလာပါပြီ။ 

                အဲဒီလိုအရွယ် ကလေးတွေအတွက် ခလုပ်ကလေးတွေ ထိရုံ၊ တို့ရုံနဲ့ ကစားလို့ရတဲ့ ဂိမ်းလေးတွေ ရှိပါတယ်။ လက်နဲ့ထိလိုက်တဲ့အချိန်မှာ ပန်းတွေပွင့်လာတာမျိုး၊ တစ်ခုခု ကလေးတွေ စိတ်ဝင်စားမယ့်အရာတွေ ဖြစ်လာတာမျိုး၊ စတဲ့ဂိမ်းလေးတွေကို ဆော့ခိုင်းလို့ရပါတယ်။ 

                ကလေးကလည်း သဘောကျတယ်၊ စိတ်ဝင်စားတယ်ဆိုရင် ကီးဘုတ်ကိုဘယ်လိုသုံးရတယ်၊ Mouse ကို ဘယ်လိုသုံးရတယ်၊ စတဲ့ အခြေခံအဆင့်လေးတွေကို သင်ပေးလို့ရပါပြီ။ ဒါပေမယ့် အရမ်းတော့ မျှော်လင့်မထားပါနဲ့။ အသက် ၁နှစ်ကနေ ၂နှစ်အတွင်းဆိုတာ စူးစမ်းတတ်တဲ့ အရွယ်သာရှိသေးပြီး သင်ယူတတ်တဲ့အရွယ် မဟုတ်သေးပါဘူး။ ဒါကြောင့် ကီးဘုတ်တွေ၊ Mouse တွေကို ကောင်းကောင်းကိုင်နိုင်မှာ မဟုတ်သေးပါဘူး။

လူကြီးအကူအညီဖြင့် Software များ အသုံးပြုစေခြင်း

                ကလေးတွေ အသက် ၃ နှစ်ကနေ ၄ နှစ်အတွင်း ရောက်လာပြီဆိုရင်တော့ တကယ့် Software တွေဖြစ်တဲ့ ပုံပြင်ပြောပြတဲ့ဂိမ်းတွေ၊ ဉာဏ်စမ်းဂိမ်းတွေနဲ့ ထိတွေ့ပေးဖို့ အသင့်ဖြစ်ပါပြီ။ စာလုံးလေးတွေကို သိနိုင်စွမ်းလည်း ရှိလာပြီဆိုတော့ အဲဒီအရွယ်မှာ ကီးဘုတ်ကို ဘယ်လိုကိုင်မယ်၊ Mouse ကို ဘယ်လိုသုံးမယ်ဆိုတာတွေ သင်ပေးလို့ရပါပြီ။ ကီးဘုတ်ကဘာအတွက်၊ Mouse ကဘာအတွက် ဆိုတာတွေကိုလည်း သိအောင်ပြောလို့ရပါပြီ။

                အဲဒီအရွယ်တွေအတွက် ကွန်ပျူတာ Software တွေကလည်း အများကြီးရှိပါတယ်။ သင့်တော်သလို မိတ်ဆက်ပေးပြီး သုံးခိုင်းလို့ရပါပြီ။ မိဘအများစု Focus လုပ်၊ အဓိကထားတဲ့ ပုံစံတွေကတော့ အရောင်တွေအကြောင်း၊ ပုံသဏ္ဍန်တွေအကြောင်း၊ စာလုံးတွေအကြောင်း၊ ဂဏ္ဍန်း နံပါတ်တွေအကြောင်း၊ စတာတွေဖြစ်ပါတယ်။ 

                ဘယ်လို အလေ့အကျင့်ပေးလို့ရလည်းဆိုရင် အရောင်တူတွေအုပ်စုခွဲမယ်၊ စာလုံးတွေပြန်စီမယ်၊ အကြီးအသေးရွေးမယ်၊ ပုံစံတူတွေခွဲမယ်၊ စတာတွေနဲ့ လေ့ကျင့်ပေးလို့ရပါတယ်။ အဲဒီအပြင် တစ်ခုနဲ့ တစ်ခု လိုက်ဖက်ညီတဲ့ပုံစံတွေကို ခွဲခြားနိုင်စွမ်းရှိအောင် သင်ပေးလို့ရပါတယ်။ 

                ၃ နှစ် ၄ နှစ်အရွယ်ဆိုတာ သီချင်းသံတွေ၊ အနုပညာရပ်ဆိုင်ရာနဲ့ ပတ်သက်ပြီး ပုံဆွဲတာတွေ၊ အရောင်ချယ်တာတွေကိုလည်း သင်နိုင်စွမ်းရှိလာပြီလို့ ဆိုပါတယ်။ လူကြီးတစ်ယောက် အကူအညီနဲ့ပဲ ကွန်ပျူတာကိုင်သင့်တဲ့အရွယ်မှာ ကလေးကို စနစ်တကျတည်ဆောက်ထားတဲ့ သင်ထောက်ကူပြု Software တွေ (အများစုကတော့ အမှား/အမှန် ခွဲခြားခိုင်းတာ များပါတယ်) နဲ့ လွပ်လွပ်လပ်လပ် လေ့လာလို့ရတဲ့၊ စူးစမ်းလို့ရတဲ့ Software တွေကို ဘက်မျှအောင် စီစဉ်ပေးဖို့ လိုပါတယ်။ သူတို့ ဘာတွေဖန်တီးလို့ရလဲ၊ ဘယ်လိုစူးစမ်းလေ့လာလို့ ရလဲဆိုတဲ့ အချက်တွေကိုလည်း သိအောင်လုပ်ပေးဖို့လိုပါတယ်။

                အဲဒီအရွယ်ကစလို့ ကွန်ပျူတာနဲ့ မိတ်ဆက်ပေးတဲ့နေရာမှာ အရေးအကြီးသတိပြုရမယ့် အချက်ကတော့ ကွန်ပျူတာကိုင်တဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်အောင် သင်ပေးဖို့ပါ။ အချိန်အကြာကြီး ကွန်ပျူတာကိုမကိုင်ခိုင်းသင့်ပဲ၊ အချိန်အကန့်အသတ်တစ်ခုနဲ့ သုံးခိုင်းတာမျိုး ဖြစ်သင့်ပါတယ်။ 

                အနေအထားမှန်ကန်စွာ ထိုင်တတ်အောင်၊ Monitor ကို အကွာအဝေးမှန်မှန် ကြည့်တတ်အောင် သင်ပေးဖို့ လိုပါတယ်။ ခုခေတ်မှာတော့ iPad လို Tablet ကွန်ပျူတာတွေ ပေါ်လာပြီ ဖြစ်တဲ့အတွက် ကလေးတွေအတွက် ကွန်ပျူတာနဲ့ မိတ်ဆက်ပေးတဲ့နေရာမှာ အရင်ထက်ပြည့်စုံတဲ့ ဝန်းကျင်တစ်ခု ဖြစ်လာတာကြောင့် ကလေးတွေ အလွယ်တကူထိတွေ့ပြီး သင်ယူနိုင်ဖို့ အခွင့်အရေးတွေ ပိုမိုများပြားလာပါပြီ။

Software များကို လွတ်လွတ်လပ်လပ် အသုံးပြုစေခြင်း

                ခုခေတ်မှာ ကလေးတွေအတွက် Software Packages တွေ အများကြီးရှိပါတယ်။ စာကို တစ်လုံးမှ ဖတ်စရာမလိုပဲ ကလေးတွေအတွက် အဆင်ပြေအောင် လုပ်ထားပြီးသားပါ။ ကလေးအနေနဲ့လည်း Mouse ကို ဘယ်လို သုံးမယ်ဆိုတာ ကောင်းကောင်းသိနေပြီ၊ သုံးလည်းသုံးတတ်နေပြီဆိုရင်တော့၊ ကွန်ပျူတာကို လူကြီးအကူအညီမပါပဲ သူတို့လေးတွေ ကိုယ်တိုင်သုံးလို့ရတဲ့ အရွယ်ရောက်ပြီလို့ သတ်မှတ်နိုင်ပါတယ်။ 

                အများအားဖြင့်တော့ အသက် ၄ နှစ်ကနေ ၅ နှစ်အတွင်း ဖြစ်နိုင်ပါတယ်။ မူကြိုကျောင်းသုံး Software လေးတွေကို လူကြီးအကူအညီမပါပဲ သုံးနိုင်ကြပါတယ်။ သင့်အနေနဲ့ သင်ပေးချင်တယ် ဆိုရင်တော့ ကွန်ပျူတာကို ဘယ်လိုဖွင့်ရတယ်၊ ဘယ်လိုပိတ်ရတယ်လောက်ပဲ သင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ သင်ပေးစရာမလိုပဲ တတ်ကြပါလိမ့်မယ်။ 

                သူတို့လေးတွေ ကြိုက်နှစ်သက်တဲ့ Software တွေကို ဘယ်လိုဖွင့်မယ်ကအစ တစ်ခါပြလိုက်ရုံနဲ့ တတ်ကြပါတယ်။ အဲဒီအရွယ်မှာ မိသားစုကွန်ပျူတာ သုံးတဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းလေးတွေ ချထားသင့်ပြီး၊ သုံးချင်ရင် ခွင့်တောင်းပြီးမှ သုံးစေတာမျိုး၊ ဖွင့်သင့်တဲ့ Software ကို ကန့်သတ်ထားတာမျိုးတွေ လုပ်ထားဖို့လိုပါတယ်။ ကလေးကိုလည်း လိုက်နာတတ်အောင် သင်ပေးထားရပါမယ်။

လူကြီးအကူအညီဖြင့် အင်တာနက်သုံးစေခြင်း

                Website တော်တော်များများကို အသုံးပြုမယ်ဆိုရင် စာဖတ်နိုင်စွမ်း အနည်းနှင့်အများ လိုအပ်လေ့ရှိပါတယ်။ ဒီတော့ ကလေးတစ်ယောက်အနေနဲ့ ရိုးရှင်းတဲ့စာကြောင်းလေးတွေကို မဖတ်နိုင်သေးတဲ့အရွယ်မှာ အင်တာနက်သုံးဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ 

                အဲဒီလို မဖတ်နိုင်ဘူးဆိုတာလဲ First Grade လောက်မှာပါ။ အဲဒီနောက်ပိုင်းတော့ ရိုးရိုးရှင်းရှင်းစာတွေကို ဖတ်နိုင်လာပါတယ်။ သို့သော်လည်း စာသိပ်ဖတ်စရာမလိုတဲ့ လူကြီးတစ်ယောက် အကူအညီနဲ့ သုံးလို့ရပြီး၊ ကလေးတွေနဲ့လည်း သင့်တော်တဲ့ Website တွေ အများကြီးရှိပါတယ်။ အဲဒီလို Website တွေကို သင်နဲ့အတူ ကလေးကို သုံးခိုင်းလို့ရပါတယ်။ 

                ကလေးက ရိုးရှင်းတဲ့စာတွေ ဖတ်နိုင်ပြီ၊ လူကြီးတစ်ဦးအကူအညီနဲ့ အင်တာနက်လည်း သုံးနိုင်ပြီ ဆိုရင်တော့ အင်တာနက်လုံခြုံရေးဆိုင်ရာ လိုအပ်ချက်ကလေးတွေ သင်ပေးလို့ရပါပြီ။ ကလေးတွေအရွယ်နဲ့ သင့်တော်တဲ့ Website တွေကို ရွေးချယ်ပြီး သုံးခိုင်းလို့ရပါပြီ။ ဘေးကနေ အကူအညီပေးဖို့တော့ လိုဦးမှာဖြစ်ပါတယ်။ 

                အကူအညီပေးဖို့ လိုနေသေးတဲ့ အရွယ်အထိ၊ သူတို့ဘာသာ လွတ်လွတ်လပ်လပ် မသုံးချင်သေးတဲ့အထိ၊ လူကြီးအကူအညီနဲ့ အင်တာနက်ကို သုံးစေသင့်ပါတယ်။ မဝင်သင့်တဲ့ Website တွေကို မဝင်အောင်၊ မိသားစုဆိုင်ရာစည်းကမ်းတွေကို ချမှတ်ထားပြီး ဘေးကနေ စနစ်တကျထိန်းသိမ်းပေးဖို့ အင်မတန်အရေးကြီးပါတယ်။ "ကွန်ပျူတာ ကိုင်နေတာပဲ၊ လွတ်ထားလိုက်" ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။

                အဲဒီလို အင်တာနက်ကို စတင်အသုံးပြုတဲ့အချိန်မှာ ကလေးတွေအနေနဲ့ သူတို့စိတ်ဝင်စားတဲ့ အရာလေးတွေကို သိမ်းထားချင်တာ၊ မှတ်တမ်းလေးတွေ ရေးချင်တာ၊ စတဲ့ စိတ်ဝင်စားမှုတွေ ပြလာနိုင်ပါတယ်။ အဲဒီလို သိမ်းထားချင်တာတွေ ရှိလာရင် မှတ်ထားချင်တာတွေ ရှိလာခဲ့ရင် ကွန်ပျူတာမှာ ဘယ်လို သိမ်းရမယ်၊ တစ်ယောက်နဲ့တစ်ယောက် သိမ်းထားတဲ့ဖိုင်တွေအပေါ်မှာ ဘယ်လို ထိန်းသိမ်းရမယ်၊ စသည်ဖြင့် Privacy နဲ့ ပတ်သက်တာတွေ သင်ပေးနိုင်ပါတယ်။ 

                စာအုပ်မှာ ဒိုင်ယာရီ ရေးသလိုပေါ့၊ သူများတွေ မဖတ်စေလိုတာတွေ ရှိမယ်ဆိုတာ သူတို့လေးတွေ သိအောင်လုပ်ပေးပါ။ သူတို့လေးတွေကိုယ်တိုင်ရေးပြီး သိမ်းထားတဲ့အရာတွေ အပေါ်မှာ (Fully Private) လုံးဝ သီးသန့်ဖြစ်အောင် ဖန်တီးပေးမလား၊ သိမ်းခွင့်ပေးမလား ဆိုတာကတော့ သင့်အပေါ်မှာ မူတည်ပါတယ်။ 

                ဒါပေမယ့် အဲဒီလို တစ်ယောက်နဲ့တစ်ယောက် Privacy ကို လေးစားတတ်ဖို့ဆိုတာ ငယ်စဉ်ကတည်းက သင်ပေးရမယ့် ကိစ္စဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ "ငါရေးလိုက်လို့ အဖေသိသွားရင်၊ အမေသိသွားရင်" ဆိုတဲ့ စိုးရိမ်စိတ်တွေ မဖြစ်စေပဲ လွပ်လွပ်လပ်လပ် ရေးသား၊ သိမ်းဆည်းစေပြီး တစ်ဖက်လှည့်နဲ့ ထိန်းသိမ်းပေးသင့်ပါတယ်။

ပထမဦးဆုံးအီးမေးလ်နှင့် ပိုအဆင့်မြင့်သော Software များ

                ကလေးကြီးလာတာနဲ့အမျှ အီးမေးလ်အကောင့်တစ်ခု လိုချင်တယ်လို့ ပူဆာလာပါလိမ့်မယ်။ သူတို့ အဓိကဆက်သွယ်လိုတာက အပြင်လောကက သူငယ်ချင်းတွေနဲ့ ဖြစ်ချင်လည်းဖြစ်မယ်၊ မိသားစုချင်း၊ ဆွေမျိုးအချင်းချင်း ဆက်သွယ်လိုတာလည်း ဖြစ်နိုင်ပါတယ်။ 

                ဒါပေမယ့် တစ်ချို့အီးမေးလ်တွေဟာ စာဖတ်နိုင်စွမ်းရည် အတန်အသင့်မြင့်မားသလို စာရေး၊ စာပြန်နိုင်ဖို့လည်း လိုပါတယ်။ အများအားဖြင့် ကလေးတွေ အီးမေးလ်တစ်ခု လိုချင်တယ် ဆိုတဲ့ အရွယ်ဟာ Grade 2 ကနေ Grade 3 အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။ 

                ကျွန်တော့် သမီးလေးကတော့ သူငယ်တန်းပဲရှိသေးတယ်၊ အီးမေးလ်အကောင့် ဆောက်ပေးဖို့ ပြောနေပါတယ်။ သူ့သူငယ်ချင်းကို စာရေးမလို့တဲ့။ ဒါပေမယ့် သူ့သူငယ်ချင်းကတော့ အီးမေးလ်ဆိုတာ ဘာမှန်းတောင် မသိလောက်သေးပါဘူး။ တကယ်တော့ အဲဒီ Grade 3 အရွယ်အထိဟာ အီးမေးလ်သုံးသင့်တဲ့ အရွယ်မဟုတ်သေးဘူးလို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။ 

                သို့သော်လည်း လူကြီးတစ်ယောက်က ကလေးနဲ့မသင့်တော်တဲ့ Spam Mail တွေ ဖျက်မယ်၊ တည်းဖြတ်ပေးမယ်၊ ဖတ်ပြပေးမယ် ဆိုရင်တော့ သုံးလို့ရနိုင်ချေ ရှိပါတယ်။ Spam Mail အတော်များများဟာ ကလေးတွေနဲ့ မသင့်တော်တာတွေ များပါတယ်။ ကလေးကတော့ သူ့အီးမေးလ်ထဲ ရှိသမျှ ဖွင့်ကြည့်မှာပါပဲ။ အဲဒီလိုမျိုး အခြေအနေတွေမရောက်အောင် လူကြီးတစ်ယောက်ရဲ့ အကူအညီကိုရယူဖို့ အင်မတန်အရေးကြီးပါတယ်။

                ကလေးတွေကို အီးမေးလ်သုံးခိုင်းမယ်ဆိုရင် အပြင်လောကနဲ့ တိုက်ရိုက်ဆက်သွယ်စေတာမျိုး မဖြစ်စေသင့်ပဲ၊ အန်တီ၊ ဦးလေး၊ အဖိုး၊ အဖွား စသည်ဖြင့် ဆွေမျိုးများနှင့်သာ ချိတ်ဆက်ပေးထားတာမျိုး၊ သူငယ်ချင်းများနဲ့ ဆက်သွယ်မယ်ဆိုရင်လဲ လူကြီးတစ်ဦးအကူအညီမပါပဲ မဆက်သွယ်စေတာမျိုးသာ ဖြစ်သင့်ပါတယ်။ 

                အဲဒီအပြင် အပေါ်မှာပြောခဲ့သလို Spam Mail တွေကို ကလေးတွေမဖွင့်မိစေဖို့ အထူးဂရုပြုရပါလိမ့်မယ်။ Web Mail တွေဖြစ်တဲ့ Gmail တို့၊ Yahoo Mail တို့ကို ကလေးတွေကို အသုံးပြုခိုင်းမယ်ဆိုရင် သူသုံးနေတဲ့အချိန်အတွင်းမှာ Spam Mail တွေ၊ တစ်ခြား ကလေးနဲ့မသင့်တော်တဲ့ အီးမေးလ်တွေ ဝင်လာနိုင်ပါတယ်။ 

                အဲဒီလိုမျိုး အခြေအနေတွေ ရှိနိုင်တဲ့အတွက် Web Mail တွေဟာ ကလေးတွေအတွက် Safe မဖြစ်ပါဘူး။ ဒါကြောင့် ကလေးတွေကို အီးမေးလ်သုံးခိုင်းမယ်ဆိုရင်တောင် Outlook လို Email ကို Download ချလို့ရတဲ့ စနစ်တွေနဲ့သာ သုံးစေသင့်ပါတယ်။ ဒါမှ မလိုတာတွေကို ကြိုတင်ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်။ အဲဒီလို အီးမေးလ်တွေမှာ Download ချခွင့်ကို ကန့်သတ်လို့လည်း ရနိုင်တဲ့အတွက် ကလေးတွေ တိုက်ရိုက်သုံးတာမျိုးကို အကာအကွယ် ပေးနိုင်ပါတယ်။

                ကျွန်တော့်အသိတစ်ယောက်ကတော့ သူ့ကလေး လေးတန်းက Gmail သုံးနေကြောင်း၊ အွန်လိုင်းပေါ်မှာတော့ သူ့အသက်ကို ၁၆ နှစ်ဟုပြောကြောင်း၊ ကောင်မလေးများနှင့်သာ စကားပြောကြောင်း၊ ဂုဏ်ယူစွာ လာပြောဖူးပါတယ်။ သူ့အတွက်တော့ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်နေပေမယ့် ကျွန်တော့်အတွက်တော့ ရင်လေးစရာ ဖြစ်နေပါတယ်။

                သူတို့လေးတွေ အီးမေးလ်တွေဖွင့်ဖတ်တဲ့ နေရာမှာ Privacy ဆိုတာကို အလိုရှိကြမှာ သေချာပါတယ်။ ဘေးနားမှာ အဖေကလာကြည့်နေတာမျိုး၊ အမေကလာကြည့်နေတာမျိုး ကြာလာတာနဲ့အမျှ မလိုလားတဲ့လက္ခဏာတွေ ပြလာပါလိမ့်မယ်။ ဒါကြောင့် အကူအညီပေးသူ လူကြီးအနေနဲ့ ကလေးတွေရဲ့ Privacy ကို အလေးထားပြီး ကူညီပေးဖို့လိုပါတယ်။ 

                အစောကတည်းက စိတ်မချရနိုင်တဲ့ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေကို ဖယ်ရှားပြီး ဖြစ်နေဖို့လိုပါတယ်။ အဲဒီလို ကြိုတင်ကာကွယ်မှု အပြည့်ယူထားပြီး ကလေးတွေအတွက် Privacy ကို တစ်ဖြည်းဖြည်းချင်း အသိအမှတ်ပြု လျော့ချပေးရပါမယ်။ စိတ်မချနိုင်စရာတွေကို Privacy မထိခိုက်နိုင်တဲ့ နည်းလမ်းတွေသုံးပြီး တစ်ဖက်လှည့်နဲ့ ထိန်းကျောင်းပေးသင့်ပါတယ်။ 

                ကျွန်တော် အပေါ်မှာပြောခဲ့သလိုပါပဲ၊ Privacy ဆိုတာ ငယ်စဉ်ကတည်းက နားလည်အောင် သင်ကြား ပေးရတာမျိုးပါ။ Privacy အကြောင်းသိတဲ့၊ Privacy ကို အပြည့်အဝ လေးစားခံရတဲ့ ကလေးတွေဟာ မိမိကိုယ်ကို ယုံကြည်မှုအရာမှာ သူများတွေထက် ထူးချွန်တတ်ကြပါတယ်။ သူတစ်ပါးရဲ့ Privacy ကိုလည်း လေးစားတတ်ကြပါတယ်။ 

                ဒါမှလည်း နိုင်ငံကြီးသား ပီသတဲ့ စိတ်ဓာတ်တွေကို မွေးမြူနိုင်မှာဖြစ်ပါတယ်။ Privacy ဆိုတာ လူတစ်ဦးချင်းစီရဲ့ အခြေခံအကျဆုံး လုံခြုံမှုဆိုတာ သူတို့လေးတွေသိထားဖို့ လိုပါတယ်။

                ကလေးတွေ အီးမေးလ်သုံးတာ အချိန်ကြာလာတာနဲ့အမျှ Spam Email တွေအကြောင်း၊ အခြား လိုက်နာသင့်တဲ့ စည်းကမ်းတွေအကြောင်းကို စနစ်တကျ ဖြည်းဖြည်းချင်း သင်ပေးသွားဖို့လည်း လိုအပ်ပါတယ်။ အွန်လိုင်းမှာ Register လုပ်တာကအစ၊ လိုက်နာရမယ့်စည်းကမ်းတွေကို သင်ပေးရပါမယ်။ 

                သူတို့လေးတွေ အဆင်မပြေတာတွေတွေ့လာလို့ မေးလာတဲ့အခါမှာလည်း စိတ်ရှည်ရှည်ထားပြီး သင်ကြားပေးဖို့ လိုပါတယ်။ လူကြီးတွေအနေနဲ့ အီးမေးလ်သုံးတဲ့ကိစ္စဟာ ထမင်းစားရေသောက်ကိစ္စဖြစ်ပေမယ့် ကလေးတွေအတွက်က အင်မတန်အရေးပါတဲ့ ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်တယ်ဆိုတာ သိထားဖို့လိုပါမယ်။ အဲဒီလို စနစ်တကျ သင်ပေးထားတဲ့ ကလေးတွေမှာ အီးမေးလ်ကို အကျိုးရှိရှိ အသုံးချနိုင်စွမ်း ပိုမိုမြင့်မားကြောင်း တွေ့ရပါတယ်။

                အီးမေးလ်ကို ကောင်းကောင်းသုံးတတ်ပြီ ဆိုတဲ့အရွယ်ဟာ ကလေးတွေအတွက် အခြေခံပညာရေးဆိုင်ရာ Software တွေကို စွန့်ခွာပြီး၊ အခြား မိသားစုသုံး Software တွေကို ချဉ်းကပ်ဖို့ အချိန်တန်ပြီလို့ ဆိုနိုင်ပါတယ်။ 

                Simulation Game တွေဖြစ်တဲ့၊ အပြင်မှာတကယ်လုပ်နေရသလို ခံစားရတဲ့ Game တွေ ဆော့ခိုင်းလို့ရပါပြီ။ လေယဉ်မောင်းတာမျိုး၊ ကိုယ်ပိုင်တိရိစ္ဆာန်ရုံကို တည်ဆောက်ခိုင်းတာမျိုး၊ စတဲ့ ဂိမ်းတွေပေါ့။ အဲဒီအရွယ် ကလေးငယ်တွေအတွက် ပျော်စရာတွေ တစ်ပုံကြီးပေါ့။ 

                အခြား ထူးခြားဆန်ကျယ်မှု အသားပေးတဲ့ ဂိမ်းတွေ၊ ဉာဏ်စမ်းပဟေဋ္ဌိတွေ၊ ဒီဇိုင်းချတဲ့ ဂိမ်းတွေ စသည်ဖြင့် သားတို့၊ သမီးတို့အရွယ်နဲ့ကိုက်တဲ့ဂိမ်းတွေ တစ်ပုံကြီးရှိနေပါတယ်။ အင်မတန်လည်း ပျော်စရာ ကောင်းပါတယ်။ 

                ကလေးနဲ့အတူ ဂိမ်းတွေဆော့ပေးမယ်၊ သူတို့လေးတွေကလည်း စာဖတ်စွမ်းရည်ကို မြှင့်တင်မယ်၊  တစ်ဖြည်းဖြည်းနဲ့ ကလေးတွေရဲ့ဉာဏ်ရည် အဆင့်အတန်းတွေ မြင့်မားလာတာကို လက်တွေ့ခံစား သိရှိနိုင်ပါလိမ့်မယ်။ 

                ကလေးတွေအနေနဲ့ Software တွေသုံးရတာ အဆင်ပြေပြေရှိလာတာနဲ့အမျှ လူကြီးက အကူအညီပေးနေတာကို တဖြည်းဖြည်း လျော့ချလာရပါမယ်။ သူတို့လေးတွေ လွပ်လွပ်လပ်လပ် ဆော့ကစားပါစေ။ ဒါပေမယ့် ဘယ်လိုအချိန် အကန့်အသတ် ထားရမယ်၊ ဘယ်လိုစည်းကမ်းတွေ လိုက်နာရမယ်ဆိုတာတွေကို ပြောဖို့၊ ချမှတ်ဖို့ မမေ့ပါနဲ့။

                အဲဒီအရွယ်ကစလို့ ကလေးတွေအနေနဲ့ Virtual World နဲ့ Real World ကို မျှမျှတတ နေတတ်အောင် သင်ပေးဖို့လိုလာပါပြီ။ Virtual World ဆိုတာ ကွန်ပျူတာထဲက သူတို့ကမ္ဘာပါ။ Real World ဆိုတာတော့ သူတို့လေးတွေ ကျောင်းသွားမယ်၊ သူငယ်ချင်းတွေနဲ့ကစားမယ်၊ ဆွေမျိုးတွေ အိမ်သွားလည်မယ်၊ စသည်ဖြင့် အပြင်လူနေမှုပုံစံပါ။ 

                ဒီကမ္ဘာနှစ်ခုကို မျှတအောင်နေတတ်ဖို့ သင်ပေးရတော့မယ့်အချိန်ပါ။ အစပိုင်း ကွန်ပျူသုံးခါစအချိန်မှာတော့ စိတ်ပါမှသာ ကွန်ပျူတာရှေ့ ထိုင်တတ်ကြပေမယ့် နောက်ပိုင်းကြာလာတာနဲ့အမျှ ကွန်ပျူတာရှေ့က အတင်းထခိုင်းရတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ 

                Virtual World ထဲမှာ သူတို့ဖြစ်ချင်တာတွေကိုပုံဖော်ရင်း မျောနေတတ်ကြပါတယ်။ Real World နဲ့ တစ်ဖြည်းဖြည်း အဆက်ပြတ်လာတတ်ပါတယ်။ ဒါကြောင့် လူကြီးတွေအနေနဲ့ အားကစား၊ ကျန်းမာရေးကစလို့ ကလေးတွေအတွက် အသေးစိတ်မျှတအောင် ပြုစုပျိုးထောင်ပေးဖို့ အရေးတကြီး လိုအပ်ပါတယ်။

                ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ဒီနေရာမှာလူကြီးတွေက အဲဒီလိုဘက်မျှအောင် ပြုပြင်ပေးဖို့ နေနေသာသာ "ကလေးတွေ ကွန်ပျူတာကိုင်နေတာပဲ၊ ဂရုစိုက်စရာမလိုဘူး" ဆိုပြီး ပစ်ထားတတ်ပါတယ်။ အလုပ်တွေရှုပ်နေတဲ့အတွက်လည်း ကလေးငြိမ်နေရင်ပြီးရောဆိုပြီး သဘောထားတတ်ကြပါတယ်။ 

                အဲဒီလိုမိဘတွေအနေနဲ့ မိမိတို့ကိုယ်တိုင်က ကိုယ့်ကလေးကို အစစ်အမှန်ကမ္ဘာကြီးနဲ့ဝေးရာကို တွန်းပို့နေတာပါလားဆိုတာ သိစေလိုပါတယ်။ အစစ်အမှန်ကမ္ဘာကြီးနဲ့ဝေးရာကို သွားနေတဲ့ ကလေးအတွက် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကတော့ မိဘတွေတွေးကြည့်ရင် သိလောက်ပါပြီ။

အီးမေးလ် အသုံးပြုခြင်းနှင့် အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစေခြင်း

                ကလေးလည်း အသက်အရွယ် အတန်အသင့်ရောက်လာပြီ၊ ကွန်ပျူတာလည်း ကောင်းကောင်းသုံးတတ်နေပြီ၊ အီးမေးလ်လည်း ကောင်းကောင်းသုံးတတ်နေပြီဆိုတဲ့အရွယ် ရောက်လာတဲ့အခါ လူကြီးမိဘတွေအနေနဲ့ ကလေးကို ဘယ်လို Software မျိုး ဝယ်ပေးရမှန်းမသိတဲ့ ပြဿနာ ဖြစ်လာပါလိမ့်မယ်။ 

                အဲဒီလိုအချိန်ရောက်ရင် လူကြီးမိဘတွေအနေနဲ့ ကလေးဘာစိတ်ဝင်စားလဲဆိုတာကို အကဲခတ်လို့ရနေပါပြီ။ ကလေးက ပုံတွေဆွဲရတာ ဝါဿနာပါသလား၊ သိပ္ပံဆိုင်ရာ အချက်အလက်တွေကို စိတ်ဝင်စားတာလား၊ ဒါမှမဟုတ် Computer Program တွေ ရေးရတာ ဝါသနာပါသလား စသည်ဖြင့် လေ့လာနိုင်ပါတယ်။ 

                ဒီနေရာမှာ တစ်ခုပြောလိုတာက တစ်ချို့မိဘတွေရဲ့ အမြင်မှားတွေပါ။ ကလေးတွေ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုမှသာ ကွန်ပျူတာကိုင်သင့်တယ်လို့ ယူဆကြတာပါ။ တကယ်တန်း ကွန်ပျူတာဆိုတာ အသက်မွေးမှ မဟုတ်ပါဘူး။ နေရာတကာ ပါဝင်ပတ်သက်နေပါတယ်။ ကွန်ပျူတာနဲ့ ဖက်နေတိုင်း ကွန်ပျူတာနဲ့ အသက်မွေးမှာ မဟုတ်သလို၊ ကွန်ပျူတာနဲ့ မဖက်လည်း အသက်မွေးချင်၊ မွေးရနိုင်ပါတယ်။ 

                အဓိက စိတ်ဝင်စားမှုပါ။ သူတို့လေးတွေ ဘာကိုစိတ်ဝင်စားသလဲ ကွန်ပျူတာ ဖန်သားပြင်ကနေ တစ်ဆင့် သူတို့ဘာတွေမြင်ချင်တာလဲ၊ ကြားချင်တာလဲ၊ သိချင်တာလဲ၊ ဒါတွေအပေါ် အခြေခံပါတယ်။ ကလေးက ခန္ဒာဗေဒဆိုင်ရာတွေ သိချင်တယ်ဆိုရင် အဲဒါနဲ့ ပတ်သက်တဲ့ Software တွေ ဝယ်ပေးနိုင်ပါတယ်။ တစ်ခြား သိပ္ပံစမ်းသပ်မှု ဆိုင်ရာတွေဆိုရင်လည်း အဲဒါနဲ့ပတ်သက်တာတွေ တစ်ပုံကြီးပါ။ 

                ဒီလိုမှမဟုတ်ပဲ Program ရေးရတာတွေ ဝါသနာပါတယ်ဆိုရင် Alice တို့၊ Scratch တို့လို့ Software တွေ ဝယ်ပေးနိုင်ပါတယ်။ အဲဒီအချိန်မှာ သူတို့စိတ်ဝင်စားတဲ့ လမ်းကြောင်းအတိုင်း လူကြီးတွေ ဖြည့်ဆည်းပေးရုံပါပဲ။ 

                လမ်းညွှန်တဲ့ နေရာကနေ တည့်မတ်ပေးတဲ့ ဖေးမကူညီပေးတဲ့ အဆင့်ကို ပျော်ပျော်ကြီး ဆင်းပေးလိုက်ပါ။ မဆင်းလို့လည်း မရပါ။ အဲဒီအချိန်မှာ ကလေးတွေ တစ်ချို့သုံးတာတွေကို လူကြီးတွေတောင်နားမလည်လို့ ပြန်သင်ရတဲ့ အနေအထား ရောက်နေမှာဖြစ်လို့ပါ။

                Virtual World နဲ့ Real World အားပြိုင်မှုက ပြင်းထန်သထက် ပြင်းထန်လာမှာ ဖြစ်သလို ကလေးတွေရဲ့ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်လိုမှုကလည်း လူကြီးတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာပါလိမ့်မယ်။ ကလေးဘက်ကလည်း "နေရာတကာ လိုက်ပြောနေတာပဲ၊ အဖေကတော့ မမိုက်ပါဘူး၊ အမေကတော့ မမိုက်ပါဘူး" စသည်ဖြင့် မြင်လာပါလိမ့်မယ်။ ဂိမ်းမဆော့နဲ့ဆို ဆော့မယ်၊ မလုပ်နဲ့ဆို ရအောင်ကို လုပ်မယ် စသည်ဖြင့် ဆန့်ကျင်တာတွေ ကြုံလာရပါမယ်။ အဲဒီလို အခြေအနေအတွက် လူကြီးတွေကို အကြံပေးချင်တာက၊ ကိုယ်တိုင်ကရော အဲဒီလိုဘဝမျိုး မဖြတ်သန်းခဲ့ရဘူးလား။ ကိုယ်လည်း ဖြတ်သန်းခဲ့ရမှာပါပဲ။ 

                အဲဒီလို ဖြတ်သန်းခဲ့ရတုန်းက ကိုယ့်ရဲ့စိတ်အခြေအနေကို ပြန်လည်း သုံးသပ်ကြည့်ပါ။ ကလေးနဲ့ သင့်တော်မယ့် ချဉ်းကပ်နည်းပုံစံတစ်ခုကို သေချာပေါက် ရလာပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ပဲ "ငါကလူကြီးပဲ၊ ငါပြောသမျှနားထောင်ရမှာပေါ့" ဆိုရင် ကလေးကို Virtual World ထဲကို ရောက်သထက်ရောက်အောင် နှစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ Real World မှာ မကျေနပ်ချက်တွေကို Virtual World မှာ ပေါက်ကွဲပါလိမ့်မယ်။ အပြင်မှာ မလုပ်ရသမျှ Virtual World မှာ လုပ်ပါလိမ့်မယ်။

                သင့်ရဲ့ကလေးက ဆယ်ကျော်သက်အရွယ်ထဲကို ရောက်လာတာနဲ့အမျှ ကြုံလာရမှာတွေကို ကြိုတင်တွက်ဆထားရမှာ မိဘတွေရဲ့တာဝန်ပါ။ အဲဒီလိုပဲ ဘယ်ဟာတော့မလုပ်ရဘူး၊ ဘယ်ဟာတော့ဖြင့်လုပ်ရမယ်၊ စသည်ဖြင့် ပြောနေဖို့လည်း လိုပါတယ်။ အဲဒီလိုပြောဆိုတဲ့နေရာမှာ ကလေးကို Real World က အမြင်တစ်ခုတည်းနဲ့ ပြောလို့မရဘူးဆိုတာ လူကြီးတွေ သတိထားဖို့ လိုပါတယ်။ 

                သူတို့လေးတွေမှာ ကိုယ်တွေမသိနိုင်တဲ့ Virtual World ဆိုတာလည်း ရှိနေတယ်ဆိုတာ သိထားဖို့ လိုပါလိမ့်မယ်။ အဲဒီတော့ အကောင်းဆုံးနည်းကို ပြောပါဆိုရင် ဆွေးနွေးတာပါပဲ။ တစ်ဖက်သတ် ပြောဆို၊ စေခိုင်းတာမျိုးမဟုတ်ပဲ သူတို့လေးတွေနဲ့ အချိန်ယူစကားပြောပြီး သူတို့ ဘာပြောချင်တယ်ဆိုတာလည်း နားထောင်၊ ကိုယ်ဘာဖြစ်စေချင်တယ် ဆိုတာလဲပြော စသည်ဖြင့် လုပ်သင့်တဲ့ အနေအထားတစ်ခု ရောက်လာအောင်စည်းရုံးဖို့ လိုပါတယ်။ ဗီတိုအာဏာနဲ့ အတင်းအကြပ် လုပ်မယ်ဆိုရင်တော့ "အင်း၊ ခင်ဗျားကြီးကအဖေပဲ၊ လုပ်ထားဦးပေါ့" ဆိုပြီး Virtual World မှာ သေနတ်နဲ့ တည်ပြီးပစ်နေပါလိမ့်မယ်။

                ကလေးတွေကို လွပ်လပ်ခွင့်ပေးလိုက်ပြီဆိုရင် မိဘတွေအနေနဲ့ မဖြစ်၊ ဖြစ်အောင် လုပ်ရမယ့် အချက်နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ကလေးတွေအပေါ် ယုံကြည်မှုပါ။ ဒုတိယတစ်ခုကတော့ ကလေးတွေအနေနဲ့ မိဘတွေအပေါ်မှာ မိဘတွေလို အုပ်ထိန်းနိုင်စွမ်းရှိတယ်လို့ ယုံကြည်မှုပါ။ 

                ကျွန်တော် တွေ့ရသလောက်တော့ ကလေးတွေကိုလည်း လူကြီးတွေက မယုံသလို၊ ကလေးတွေကလည်း လူကြီးတွေကို အုပ်ထိန်းနိုင်စွမ်းရှိတယ်လို့ မယုံတော့ပါဘူး။ အဲဒီနေရာမှာ ယုံကြည်မှုဆိုတာ အပြန်အလှန် သဘောဆောင်တယ်လို့ မိဘတွေက မယူဆပဲ "ငါမိဘပဲ၊ မင်းတို့ကို ယုံတာ၊ မယုံတာ အသာထား၊ ငါတို့ကို ယုံဖို့လိုတယ်" ဆိုပြီး အတင်းသတ်မှတ်ကြပါတယ်။ 

                ဒီလိုအခြေအနေဆိုရင်တော့ ခိုးကြောင်ခိုးဝှက်တို့၊ လုပ်ချင်တာလုပ်တာတို့၊ ဖြစ်ချင်ရာဖြစ်တို့၊ ဖြစ်လာမှာ သေချာပါတယ်။ ထက်တဲ့ကလေးတိုင်းဟာ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပိုပြီး တန်ဖိုးထားတတ်တဲ့အတွက် မိဘတွေနဲ့ ပိုပြီးပြဿနာတက်လေ့ရှိတယ်ဆိုတာလည်း မိဘတွေသိထားဖို့ လိုပါတယ်။

                ယုံကြည်မှုဆိုတဲ့နေရာမှာ အီးမေးလ်သုံးတာကအစ၊ အင်တာနက်သုံးတာအဆုံး ယုံကြည်မှု ထားဖို့ လိုပါတယ်။ ကိုယ့်သားသမီးအနေနဲ့ ဘယ်အတိုင်းအတာအထိ ယုံကြည်စိတ်ချရတယ်၊ ဘယ်အတိုင်းအတာအထိ လွတ်လပ်ခွင့်ပေးသင့်တယ်ဆိုတာ သေသေချာချာသိထားဖို့ လိုပါတယ်။ သူတို့လေးတွေ ကိုယ်ပိုင်ဆုံးဖြတ်တဲ့နေရာမှာလည်း ဘယ်အတိုင်းအတာထိ ခွင့်ပြုသင့်တယ်၊ မပြုသင့်ဘူးဆိုတာကိုလည်း သိထားရပါလိမ့်ဦးမယ်။ 

                မသိသေးဘူးဆိုရင်လည်း အဲဒီအရွယ်တွေမှာ သိအောင်လုပ်ဖို့၊ စမ်းသပ်ဖို့ အကောင်းဆုံး အနေအထားဆိုတာ သတိပြုပါ။ သာမာန်အားဖြင့် ပြောရမယ် ဆိုရင် အသက် ၁၃ နှစ်အရွယ်ဟာ ဘယ် သတင်းအချက်အလက်တွေ သူတို့အတွက် လိုအပ်တယ်ဆိုတာ ကောင်းကောင်းသိတဲ့ အရွယ်ဖြစ်လာပါပြီ။ ဒါကြောင့်လည်း Children Privacy Protection Act မှာ အသက် ၁၃ နှစ်အရွယ်ကစလို့ ကန့်သတ်မှုတွေ လုပ်ထားတာပါ။ 

                အဲဒီအရွယ်ကစလို့ ဘယ်အချက်အလက်တွေက သူတို့အတွက်လိုတယ်၊ ဘာတွေကတော့ဖြင့် မလိုဘူး၊ ဘယ်လိုအချက်အလက်တွေကတော့ဖြင့် သူများတွေကို မဝေမျှသင့်ဘူး စသည်ဖြင့် သိနေပြီ ဖြစ်ပါတယ်။ မိသားစုဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ရင်လည်း ထိုနည်းလည်းကောင်း သိနေပါပြီ။

                ကလေးတွေကို လွတ်လပ်ခွင့် ပေးလိုက်ပြီဆိုတာ "လုပ်ချင်ရာလုပ်တော့၊ ငါတို့နဲ့မဆိုင်တော့ဘူး" ဆိုပြီး ပစ်ထားဖို့မဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ လွပ်လပ်ခွင့်လည်းရှိတယ်၊ ဒါပေမယ့် မိဘတွေကလည်း စည်းကမ်းတွေကို လိုက်နာရဲ့လား၊ လုံခြုံမှုရှိရဲ့လား၊ စသည်ဖြင့် အမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတာ သိစေဖို့လိုပါတယ်။ 

                တကယ်လည်း စောင့်ကြည့်ဖို့လိုပါတယ်။ သူတို့လေးတွေ လုပ်သမျှ၊ ကိုင်သမျှတွေအားလုံးကိုလည်းလည်း တာဝန်ယူတတ်တဲ့ အကျင့်လေးတွေရှိလာအောင်လို့လည်း ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ "အီးမေးလ်ပို့တဲ့သူက ဘယ်သူတွေလဲ?" စသည်ဖြင့် မေးမြန်းတာမျိုး၊ Browser History တွေကိုကြည့်ပြီး စစ်ဆေးတာမျိုးတွေလည်း လုပ်ဖို့လိုပါတယ်။ 

                သူတို့ လိုက်နာရမယ့် စည်းကမ်းတွေဖြစ်တဲ့ ဘယ် Site တွေကိုတော့ မကြည့်ရဘူး စသည်ဖြင့် ကန့်သတ်ထားဖို့ လိုပါသေးတယ်။ အဲဒီလို ကန့်သတ်တဲ့ နေရာမှာလည်း Parental Control Software တွေကို အသုံးပြုပြီး ကန့်သတ်ထားရင် ပိုပြီးကောင်းမွန်၊ ပြည့်စုံမှာ ဖြစ်ပါတယ်။

လုံးဝ လွတ်လပ်ခွင့်ပေးခြင်း

                မိဘတစ်ယောက်အနေနဲ့ ငယ်ငယ်ကတည်းက သေသေချာချာ သင်ပေးထားပြီးပြီ၊ ကိုယ့်အနေနဲ့ အချိန်ပြည့် အုပ်ထိန်းထားတာမျိုးလည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေတစ်ချိန်ချိန်ဟာ မလွဲမသွေ ရောက်လာပါလိမ့်မယ်။ လုံးဝ၊ လွပ်လပ်ခွင့်ပေးရပါတော့မယ်။ ကလေးတွေက မိသားစု ကွန်ပျူတာမှာသုံးတာထက်၊ သူတို့ကိုယ်ပိုင် Laptop တွေနဲ့ ကျောင်းမှာသုံးမယ်ဆိုတော့ ကိုယ်ဘာမှ ကန့်သတ်လို့မရတော့ပါဘူး။ 

                ဒီတော့ Privacy နဲ့ ပတ်သက်တာတွေ၊ ယုံကြည်မှုနဲ့ ပတ်သက်တာတွေကိုလည်း လုံးဝအပြည့်အဝ ပေးလိုက်ရပါတော့မယ်။ အဲဒီအချိန်မှာ "ငါမသင်ပေးလိုက်ရလေခြင်း" ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်မှာ မိဘတွေ အနေနဲ့ စောင့်ကြည့်လို့ရတဲ့ အပိုင်းတစ်ခု ရှိပါတယ်။

                သားသမီးတွေရဲ့ အမူအကျင့်တွေပါ။ အွန်လိုင်းမှာပဲ အချိန်ကုန်နေတာလား၊ အပြင်က သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တော့ဘူးလား စသည်ဖြင့်ပေါ့။ ဒီတော့လည်း "သားရေ...၊ သမီးရေ…၊ အချိန်ပြည့် အွန်လိုင်းမှာဆိုရင် ဘာတွေဖြစ်လာမလဲ သိတယ်နော်၊ ဆင်ခြင်ဦး။ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်ကြတော့ဘူးလား၊ ထမင်းလေးဘာလေး ဖိတ်ကျွေးပါဦး" ပေါ့ဗျာ။

နိဂုံး

                ဒီဆောင်းပါးလေးဟာ ၂၀၁၀၊ နိုဝင်ဘာလ ၂၈ ရက်နေ့တုန်းက Myanmar Tutorials မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ အသုံးဝင်မယ်ထင်လို့ TechX ကနေ ပြန်လည်ဝေမျှလိုက်တာပါ။ နောက်ပြီး ဒီဆောင်းပါးလေးကို About Website ၏ Family Computing တွင် ခရစ်(စ်)တီ မိတ် ရေးသားသော Recommended Ages for Computer and Online Time အပေါ် အခြေခံပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ ဒီကမိဘတွေအနေနဲ့လည်း ဒီဆောင်းပါးလေးကိုဖတ်ရှုပြီး မိမိတို့ရဲ့ရင်သွေးငယ်များကို ကွန်ပျူတာနဲ့ ဘယ်လိုမိတ်ဆက်မလဲဆိုတာကို သိနိုင်ကြပါစေ...။