မူလတန်းကလေးငယ်တွေကို သင်္ချာသင်ပေးမယ့် “ကလေးသင်္ချာ” Mobile Game

                ဒီမှာ မိတ်ဆွေ …ခင်ဗျားမှာ လေးတန်းအောက် ကလေးတွေ၊ ညီ/ညီမလေးတွေ ရှိသလား။ အဲဒီအပြင် ခင်ဗျားဆီက ဖုန်းယူယူဆော့နေလို့ စိတ်ညစ်နေသလား။ အဲဒီလိုဆိုရင် အဲဒီကလေးတွေအတွက် ဂိမ်းတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီ ဂိမ်းက “ကလေးသင်္ချာ” လို့ ခေါ်တယ်ဗျ။ ကလေးတွေ ဂိမ်းလည်းဆော့ရ၊ သင်္ချာအခြေခံလေးတွေလည်း နားလည်သွားတာပေါ့။

Game Developer and User Interface

                အဲဒီ ဂိမ်းကို ဖန်တီးထားတဲ့သူတွေကတော့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားတွေဗျ။ ပထမဦးဆုံး မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့တင် ကလေးတွေ စိတ်ဝင်စားသွားမှာ သေချာတာပေါ့ဗျာ။ မြန်မာလို ရှင်းရှင်းလင်းလင်း ရေးထားတာ ဆိုတော့ ကလေးတွေကို ဘာညာသာရကာတွေ ရှင်းပြနေစရာ မလိုဘူးဗျ။ (ကလေးတွေ ဖုန်းနှိပ်တဲ့နေရာမှာ ခင်ဗျားထက်တောင် သူတို့က ပိုပြီး ဂျွတ်ကြတယ်၊ ဟုတ်တယ်မလားဗျ) 


Gameplay

                ပြောနေကြာတယ်ဗျာ။ ကျွန်တော်တို့ စပြီး ကစားလိုက်ရအောင်ဗျ။ ကစားကြမယ်ဆိုတာကို ကလစ်ခေါက်လိုက်တယ် ဆိုတာနဲ့  တစ်ယောက်တည်းကစားမလား၊ နှစ်ယောက် ကစားမလားဆိုပြီး မေးတာတွေ့ရမှာပါ။


                ဒါလဲ ခင်ဗျားအတွက် အခွင့်အရေးပဲဗျ။ ကလေးတစ်ယောက်ပဲရှိတဲ့သူအတွက် တစ်ယောက်တည်း ကစားမယ်ကို ရွေးပြီး၊ နှစ်ယောက်ရှိရင် နှစ်ယောက်ကစားမယ်ကိုရွေး ပြိုင်ခိုင်းလို့ရတယ်ဗျ။ ကျွန်တော်ကတော့ တစ်ယောက်တည်းဆိုတော့ တစ်ယောက်တည်း ကစားမယ်ကို ရွေးဖြစ်တာပေါ့။

                ဒီလို ပုံစံမျိုးက ရင်းနှီးပြီးသား ဖြစ်မှာပါဗျာ။ အဆင့်တွေ အခန်းတွေကိုဖြတ်ပြီး တစ်ဆင့်ခြင်း သွားရမယ့် ပုံစံပေါ့။


                အဆင့်တစ်ဆင့်ချင်းစီမှာ မေးခွန်း ငါးခုစီ ရှိပါတယ်။ အဆင့်တစ်ဆင့်ကို ကျော်ဖို့အတွက်က အနည်းဆုံး မေးခွန်း ၂ ခု မှန်အောင် ဖြေပေးရမယ်ဗျ။ မေးခွန်းငါးခုလုံးမှန်အောင် ဖြေနိုင်ရင်တော့ ကြယ်သုံးပွင့် ရမှာပေါ့။ ဒီလိုလေးလုပ်ပေးထားတော့ ကလေးတွေအနေနဲ့ ကြယ်သုံးပွင့်လုံးရအောင် ကြိုးစားချင်စိတ်ရှိလာပြီး၊ မေးခွန်း အကုန်လုံးမှန်အောင် ကြိုးစားတတ်လာမှာပေါ့။


                မေးခွန်းလေးတွေက အခန်းတိုင်း အခန်းတိုင်းမှာ ကလေးတွေရဲ့ ပေါင်းနှုတ်မြှောက်စား စွမ်းရည်ကို တစ်ဆင့်ခြင်းစီ မြှင့်တင်ပေးသွားဖို့ တာဝန်ယူသွားလိမ့်မယ်ဗျ။ ကိန်းဂဏန်းတွေ ချည်းမဟုတ်ဘဲ၊ သစ်သီးပုံလေးတွေနဲ့ ဥပမာပေးထားတော့ ကလေးတွေလည်း မပျင်းတော့ဘူးပေါ့။


                နှစ်ယောက် ဆော့ချင်တဲ့သူတွေအတွက်လဲ အဆင်ပြေတယ်ဗျ။ ဖုန်းတစ်လုံးတည်းမှာ ဟိုဖက် ဒီဖက်ဆော့ရုံပဲဗျ။ သူကတော့ အချိန်နဲ့ ပြိုင်ရတာဆိုတော့ ပိုပြီး ပျော်ဖို့ ကောင်းမယ်ဗျ။ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတာတောင် သွားသတိရမိတယ်ဗျို့။


                နှစ်ယောက် ပြိုင်ကြမယ်ဆိုရင်လဲ ပြိုင်ချင်တဲ့ စကေးကို ရွေးလို့ရသေးတယ်ဗျ။ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား ကလေးနှစ်ယောက် ကြိုက်တာ ပြိုင်ပေါ့။


                အဲဒီလောက်ဆို ကလေးတွေ တန်းဆော့လို့ရတာပေါ့ဗျာ။

Other Features 

                ဒါပေမယ့် ဂိမ်းရေးတဲ့သူက ကလေးတွေ မဆော့တတ်မှာ စိုးလို့နဲ့ တူပါတယ်။ အဲဒီအတွက် ကလေးတွေအတွက် ပေါင်းနှုတ်မြှောက်စား အခြေခံတွေကို “လေ့လာရန်” ထဲမှာ သင်ပေးလိုက်သေးတယ်ဗျ။


                “လေ့လာရန်” ထဲမှာတော့ ဂိမ်းထဲမှာ ဆော့ကစားရမယ့် အခြေခံသင်္ချာသင်ခန်းစာတွေဖြစ်တဲ့ “ကိန်းဂဏန်းများ” ၊ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားနဲ့ အချိုး ရှင်းလင်းချက်တွေအပြင် အခြေခံဂျီသြမေတြီပုံတွေကိုလည်း ကလေးတွေ နားလည်လွယ်အောင် ရိုးစင်းတဲ့ ပမာပြချက်လေးတွေနဲ့ ရှင်းလင်းထားပါတယ်။


နိဂုံး

                ဒီ Game လေးက လောလောဆည် iOS အတွက် မရှိသေးဘဲ၊ Android အတွက်ပဲ ရှိပါသေးတယ်။ ပညာရေးကဏ္ဍအတွက် ဒီလို Mobile App တွေ အများကြီး လိုနေပါတယ်ဗျို့။ အခုလို Android App တွေ ဖန်တီးပေးတဲ့အတွက် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားတွေကို ကျေးဇူးတင်ရပါတယ်။

                ဒါဆို “ကလေးသင်္ချာ” ဂိမ်းကို ယခုချက်ချင်းပဲ အောက်က DOWNLOAD ဆိုတဲ့ Button လေးနှိပ်၊ Download ပြုလုပ်ပြီး၊ ကလေးတွေကို ပေးဆော့ကြည့်လိုက်ပါ။

Download