ပြောင်းလဲလာသော ဘားကမ့်များနှင့် ကျွန်တော်

ဘားကမ့်ဆိုတာဘာလဲ?

                ဘားကမ့် (Barcamp) ဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့ Programmer တွေ ဘာနာမည်ပေးရမှန်း မသိရင် foo, bar စသည်ဖြင့် နာမည်ပေးကြတာက စပါတယ်။ ဆရာကြီးဆွေးနွေးတဲ့ Camp ကို FooCamp၊ ဆရာကြီး မဟုတ်တဲ့သူတွေ ဝိုင်းဆွေးနွေးကြတာကို BarCamp ဆိုပြီး အမည်ပေးကြပါတယ်။ FooCamp, BarCamp တွေရဲ့ မူလအစဟာ နည်းပညာပါ။ အိုင်တီပါ။

ပြောင်းလဲလာသော ဘားကမ့်များ

                မြန်မာပြည်မှာ ဘလော့ဂါတွေ ဦးဆောင်ပြီး ဘားကမ့်ဆိုတာ အစပြုခဲ့တုန်းက အိုင်တီပါပဲ။ နည်းပညာ အဓိကပါပဲ။ နောက်ပိုင်း မန်းဘားကမ့်ကစလို့ တစ်ခြား ကဏ္ဍအစုံ ပါလာပါတယ်။ အဲဒီအထိ ပြဿနာ မဟုတ်ပါဘူး။ မန္တလေးမှာ ကဏ္ဍအစုံပါတာ အားလုံးက သဘောကျ နှစ်ခြိုက်ရလောက်အောင် ကောင်းခဲ့ပါတယ်။

                ဒါပေမယ့် အခုနောက်ပိုင်း အဲဒီလို အသုပ်စုံတွေ ဖြစ်လာတဲ့အတွက် နဂိုမူလ အသိပညာ ဖြန့်ဝေရေး မူဘောင်ကနေ ချော်ထွက်သွားတာတွေ တွေ့နေ၊ မြင်နေ ရပါတယ်။ နည်းပညာဆိုတဲ့ ဘောင်က ကျော်ထွက်သွားတာဟာလဲ ကောင်းတဲ့အနေအထား မဟုတ်ဘူးလို့တော့ ကျွန်တော်မြင်တာပဲ။
ဘယ်လိုတွေ ချော်ထွက်လာသလဲဆိုတာတွေကို ကျွန်တော်မြင်တဲ့ အမြင်တွေအတိုင်း ပြောကြည့်ပါမယ်။

(၁) နာမည်ကြီး ဦးစားပေး အစီအစဉ်များ

                ဘာကြောင့်လဲတော့ ကျွန်တော် မသိပါဘူး။ နိုင်ငံရေးမှာ နာမည်ကြီးတဲ့သူ၊ စာရေးဆရာ၊ ဘာဆြာ၊ ညာဆြာ၊ စဆရက စသည်ဖြင့် ဆရာကြီးတွေကို ဦးစားပေးပြီး စီစဉ်ကြပါတယ်။ သီးသန့် အခန်းတစ်ခု ခွဲထုတ်၊ တော့ပစ်ဘုတ်တောင် မကပ်ပဲ လုပ်ကြပါတယ်။

(၂) နာမည်ဝင်ယူသူများ

                ဒါကလဲ ဘားကမ့်ဆိုတာ လူများများဆိုတော့ အဲဒီမှာ ပြောခဲ့ဘူးရင်ပဲ ဆရာကြီး တန်းဝင်သွားနိုင်တော့ မရမက အတင်းဝင်ပြော၊ ပြီးရင် ဘယ် ဘားကမ့်တွေမှာ ဘယ်လိုတွေ ပြောဖူးတယ်ဆိုပြီး နာမည်ယူ လုပ်စားတာပါ။ (ကျွန်တော် ဒီနေရာမှာ ဘားကမ့်တွေမှာ အသိပညာဖြန့်ဝေခဲ့ပြီး ဂုဏ်ယူစွာ ပြောဆိုတဲ့သူတွေကို မဆိုလိုပါဘူး)

(၃) နိုင်ငံရေး အငွေ့အသက်များ

                ဘားကမ့်ဆိုတာ အသိပညာဖြန့်ဝေရေးပါ။ ဒါပေမယ့် နိုင်ငံရေးမဲဆွယ်ပွဲလိုမျိုး နိုင်ငံရေးအကြောင်းတွေ လာဟောပြောနေတာတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော် ကြုံဖူးပါတယ်။

(၄) မယ်များ၊ မော်ဒယ်များ အဆိုတော်များ

                မယ်တွေလာမယ်၊ မော်ဒယ်တွေ လာမယ်၊ အဆိုတော်တွေ လာမယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ကြော်ငြာထားတော့ အဲဒီနေရာမှာ လူတွေ အားလုံး သွားစုနေပြီး ဟောပြောသူတွေ အတော် ဒုက္ခရောက်ရပါတယ်။

(၅) စပွန်ဆာ အခွင့်အရေးများ

                စပွန်ဆာတွေက သူတို့ စပွန်ဆာပေးထားတယ်ဆိုပြီး လူတွေခွဲ၊ နာမည်မျိုးစုံ တပ်ပြီး တော့ပစ်ဘုတ်မှာ ချိတ်ပါတယ်။ ဒါပေမယ့် အခန်းတိုင်း လိုက်နားထောင်ရင် သူတို့ စပွန်ဆာပေးထားတဲ့ Product ကို ကြော်ငြာနေကြတာပါ။ လူတွေက အဟုတ်မှတ်လို့ ဝင်နားထောင် ဒါတွေပဲ ပြောနေတော့ စိတ်ပျက် ကုန်ကြပါတယ်။

(၆) နိုင်ငံခြားသား ဦးစားပေးခြင်း

                ဒါလဲ ကြုံဖူးပါတယ်။ နိုင်ငံခြားသား ပါလာရင် သူတို့ကို ဦးစားပေးပြီး တကယ် သူတို့ ပြောတော့ ဘာမှမဟုတ်တာတွေပါ။ Facebook ကို ဘယ်လို သုံးမလဲ ဆိုတာတောင် ပြောပါတယ်။ သူပြောတာကို ဒီကလူတွေက English လို နားမလည်ပေမယ့် နားလည်တဲ့သူက ဘာမှမဟုတ်ဘူးဆိုတာ သိပါတယ်။

(၇) လူများ ပွဲစည်ရေးအတွက် အခြားအကြောင်းအရာများ ထည့်သွင်းခြင်း

                ဒါလဲ ပွဲစီစဉ်သူတွေ အပြစ်ပြောလို့ မရပါဘူး။ လူများ ပွဲစည်မှ စပွန်ဆာတွေက နောက်တစ်ခါ ထပ်ပေးချင်မှာပါ။ ဒါပေမယ့် အဲဒီလို လူများပွဲစည်ရေးအတွက် အများကြီး ဦးစားပေးလိုက်ရင် မယ်တွေ၊ မော်ဒယ်တွေ လာမယ်ဆိုတာမျိုးလို လူတွေ အဲဒီမှာ စုကုန်ပါလိမ့်မယ်။ (အခု ဒဂုံဘားကမ့်မှာဆိုရင် ဗျူးတီးဘလောက်ဂါဆိုတာ ပါလာတော့ အဲဒီဖက်မှာ လူတွေ စုပုံသွားမယ်ဆိုတာ Facebook က Comment တွေ ကြည့်တာနဲ့ သိနိုင်ပါတယ်)

နိဂုံး

                ကျွန်တော်ကတော့ ဘားကမ့်တွေကို ချစ်တဲ့အတွက် ဘားကမ့် အနှစ်သာရတွေ မပျောက်စေချင်ပါဘူး။ အဲဒီအတွက် ဒီစာကို ရေးပါတယ်။