သွေးလိုအပ်သူနဲ့ သွေးလှူရှင်ကို ချိတ်ဆက်ပေးမယ့် Myanmar Blood

                အရေးပေါ် သွေးသွင်းဖို့ လိုအပ်လာတဲ့အခါ လိုအပ်တဲ့ သွေးကို အချိန်မီရဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒီလို အသက်ကယ်ဖို့လောက်အထိ အရေးကြီးတဲ့ အရေးပေါ်အခြေအနေမှာ သွေးလိုသူနဲ့ သွေးလှူရှင်ကို တိုက်ရိုက်ချိတ်ဆက်ပေးပြီး ကူညီနိုင်မယ့် Mobile App တစ်ခု ရှိပါတယ်။

                အဲဒါကတော့ Myanmar Blood ဆိုတဲ့ Mobile Application တစ်ခုပါပဲ။ ဖန်တီးသူတွေကတော့ University of Information Technology (UIT) က ကျောင်းသားတွေဖြစ်တဲ့ ရဲမင်းထွဋ် နဲ့ ဖြိုးမင်းသူ တို့ပဲဖြစ်ပါတယ်။

လိုအပ်တဲ့ သွေးကို ဘယ်လိုရှာမလဲ

                App ကို စ ဝင်ဝင်ခြင်း ရွေးပါဆိုတဲ့ အနီရောင် အဝိုင်းကို တွေ့ပါလိမ့်မယ်။ အဲဒီ အနီရောင်အဝိုင်းကို နှိပ်ပြီး ကိုယ်အလှူခံလိုတဲ့ သွေးအမျိုးအစားကို ရွေးနိုင်ပါတယ်။ အဲဒီလို ရွေးပြီးရင်တော့ ကိုယ်နေထိုင်တဲ့ အနီးဆုံးနေရာကို ရွေးပေးဖို့ လိုအပ်ပါတယ်။


                ဒီနေရာမှာ ရန်ကုန်တစ်မြို့တည်းအတွက် တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ မြန်မာပြည်ထဲ ဘယ်နေရာမှာ နေနေ အသုံးပြုလို့ရအောင် တည်ဆောက်ပေးထားပါတယ်။ (တစ်ခါက နယ်က မိတ်ဆွေတစ်ယောက် သူတို့ သွေးလှူရှင် အသင်းအတွက် App တစ်ခု ရေးပေးဖို့ ဆက်သွယ်လာပါတယ်။ ကျွန်တော်ကတော့ Myanmar Blood ကိုပဲ ညွှန်းပေးလိုက်ပါတယ်)


                အဲဒီလို အနီးဆုံးနေရာကို ရွေးလိုက်ပြီ ဆိုတာနဲ့ သွေးလှူရှင်တွေရဲ့ အမည်တွေ စီပြီးကျလာပါလိမ့်မယ်။ ဖုန်းဆက်ပြီး သွေးလှူလို့ အဆင်ပြေမပြေ မေးမြန်းဆက်သွယ်နိုင်ပါတယ်။


သွေးမလှူနိုင်သေးတဲ့အခါ

                ဒီနေရာမှာ တစ်ခု သတိထားဖို့ လိုတာက သွေးလှူရှင်တွေ အနေနဲ့လဲ အမှန်တကယ် သေးလှူနိုင်မှသာ မှတ်ပုံတင်ထားသင့်ပါတယ်။ သွေးမလှူနိုင်ပဲ စမ်းသပ်ပြီး တင်ထားတဲ့အခါ အမှန်တကယ် သွေးလိုအပ်သူက ဖုန်းဆက်မေးရင် သွေးမလှူနိုင်တဲ့အခါ သွေးလိုအပ်သူအတွက် စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်က စမ်းသပ်ပြီး သုံးစွဲတာ ဆိုရင်တော့ သွေးမလှူနိုင်သေးကြောင်း Profile မှာ ချိန်းထားပေးဖို့ မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။ (အဲဒီလို မချိန်းထားဘူးဆိုရင်တော့ သင့်ဆီကို သွေးလိုအပ်သူက အကူအညီ လှမ်းတောင်းနေပါလိမ့်မယ်)


                ဒီလို App မျိုးတွေဟာ အရမ်းအသုံးတည့်တဲ့ Mobile App တစ်ခု ဖြစ်ပါတယ်။ သွေးလိုအပ်နေသူနဲ့ သွေးလှူရှင်ကြားမှာ တိုက်ရိုက်ကူညီနိုင်ပြီး အသက်ကယ်သည်အထိ အထောက်အပံ့ပေးနိုင်ပါတယ်။ ဖန်တီးသူက ဘယ်လို ရည်ရွယ်တယ်ဆိုတာ မသိပေမယ့် ကျွန်တော့်အနေနဲ့ကတော့ အခုလိုမျိုး Mobile App ကို ဖန်တီးတဲ့သူရဲ့ ရည်ရွက်ချက်ကို အများကြီး လေးစားမိပါတယ်။

                အသုံးပြုလိုသူတွေအနေနဲ့ Google Play Store မှာကော Apple App Store မှာပါ တင်ပြီး ဖြစ်တဲ့အတွက် အဲဒီကနေ တိုက်ရိုက် Download ချ ပြီး သုံးနိုင်ပါတယ်။ သွေးလှူရှင်တွေအနေနဲ့ကတော့ Facebook အကောင့်နဲ့ Register လုပ်နိုင်သလို၊ Facebook မသုံးသူတွေက Username နဲ့ Password သတ်မှတ်ပြီး Register လုပ်နိုင်ပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်အနေနဲ့ Facebook နဲ့ Log In ဝင်ထားတယ်ဆိုရင် ကိုယ့် Profile မှာ ဖြည့်ထားတဲ့ဖုန်းနံပါတ်ကို Auto-fill လုပ်ပေးထားတာဖြစ်ပြီး၊ ဖုန်းနံပါတ် ပြောင်းသွားတာ၊ မှားနေတာ ဆိုရင်လဲ Myanmar Blood Account ရဲ့ Profile ထဲမှာတင် ပြင်လို့ရပါတယ်။ Username နဲ့ သက်သက် အကောင့်ဖွင့်ထားတယ်ဆိုရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ထည့်ပေးထားဖို့ လိုပါတယ်။ ထည့်ထားတဲ့ဖုန်းနံပါတ်ကို ဆက်သွယ်မှာဆိုတော့ ကိုယ်လက်ရှိအသုံးပြုနေတဲ့ ဖုန်းနံပါတ်အမှန်ကို ဖြည့်ထားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။


                Google Play Store မှာဖြစ်ဖြစ်၊ App Store မှာဖြစ်ဖြစ် Myanmar Blood လို့ ရိုက်ရှာပြီးပဲ ဖြစ်ဖြစ် ဒါမှာမဟုတ် အောက်မှာ ပေးထားတဲ့ Direct Link တွေကနေ ဖြစ်ဖြစ် ကိုယ့် Mobile Phone ထဲမှာ သွင်းထားနိုင်ပါတယ်။ 

AndroidiOS