နည်းပညာ သင်ကြားခြင်းဆိုင်ရာ အတွေ့အကြုံများ

နိဒါန်း

                ကျွန်တော် နည်းပညာ လောကကို စဝင်တော့ ဆရာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကိုယ့်ဘာသာ လေ့လာမယ်၊ Software တွေ ရေးမယ်ဆိုတဲ့ အကြံအစည်ပဲ ရှိပါတယ်။ ဒါပေမယ့် တကယ်တန်း ကျွန်တော်နဲ့ ကိုက်တဲ့ အလုပ်ကို ပြန်ကြည့်တော့ Development ပိုင်းထက် Research ပိုင်းကို ပိုပြီးအားသန်နေတာ သတိထားမိပါတယ်။ 

                သူများ လုပ်ထားတဲ့ ပုံစံနောက်ကို လိုက်ပြီး တစ်ပုံစံတည်း လိုက်ရေးရတာမျိုးကို မနှစ်သက်ပဲ၊ အသစ်တစ်ခုခုကို စမ်းသပ်အသုံးပြုရတာ လေ့လာရတာ ပိုပြီး နှစ်သက်ပါတယ်။ တကယ်တန်း လုပ်ငန်းခွင်ဝင်တော့လဲ အဲဒီလိုပဲ သူများတွေ လုပ်နေတဲ့ ပုံစံကနေ ခွဲထွက်ပြီး နည်းလမ်းအသစ်တစ်ခုကို စမ်းသပ် အသုံးပြုဖြစ်ပါတယ်။

(စကားချပ် - နည်းပညာသင်ကြားခြင်းဆိုင်ရာ အတွေ့အကြုံများကို Developer Conference 2015 တုန်းက ပြောခဲ့ဖူးပါတယ်။ YouTube က တစ်ဆင့်ကြည့်လိုသူများ ကြည့်နိုင်အောင်လို့လည်း အောက်မှာ ညွှန်းပေးလိုက်ပါတယ်။ ဒီဆောင်းပါးနဲ့ YouTube Video က အပြည့်အဝ ထပ်တူ မကျပါဘူး။ ဒါပေမယ့် စာကိုလဲဖတ်၊ အောက်ကဗီဒီယို ကိုလည်း ကြည့်မယ်ဆိုရင် ပိုအဆင်ပြေပါ့မယ်ခင်ဗျ။)


တွေ့ကြုံခဲ့ရသော အခက်အခဲများ

                အပေါ်မှာ ပြောခဲ့သလိုမျိုး နည်းလမ်းအသစ်ကို အသုံးပြုတဲ့အတွက် အခက်အခဲတွေ ကြုံလာရပါတယ်။

  1. နည်းလမ်းအသစ်ဖြစ်တဲ့အတွက် လေ့လာဖို့ အချိန်ပေးရပါတယ်
  2. ကိုယ်ကိုယ်တိုင် ပုံစံမကျသေးတဲ့အတွက် သူများတွေကို ပြောပြဖို့၊ သင်ပေးဖို့ ခက်ပါတယ်
  3. Research သီးသန့် လုပ်ရတာ မဟုတ်ပဲ Development ပိုင်းကိုပါ တစ်ခါတည်း တွဲရတဲ့အတွက် အရမ်းပင်ပန်းပါတယ်
  4. လူအများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခက်ပါတယ်

                အဲဒီလို အခက်အခဲတွေ တွေ့လာတော့ သူများတွေ လုပ်တဲ့ လမ်းအတိုင်း ပြန်သွားမလား၊ ကိုယ်စိတ်ဝင်စားတဲ့ လမ်းကြောင်းအတိုင်း သွားမလားဆိုပြီး တွေဝေလာပါတယ်။ အဲဒီတော့ သူများ လုပ်ထားတဲ့ ပုံစံအတိုင်း လိုက်လုပ်ကြည့်ပြန်တော့လဲ ပြဿနာတွေ တက်လာပြန်ပါတယ်။

                ကိုယ့်လေ့လာထားတဲ့ ပုံစံအရ အခုလက်ရှိလုပ်နေတဲ့ လမ်းကြောင်းမှာ ပြုပြင်စရာတွေ အများကြီး တွေ့လာပါတယ်။ အသားကျပြီးသား လမ်းကြောင်းတွေရဲ့ ထုံးစံအတိုင်း နည်းပညာပိုင်းအရ ခေတ်နောက်ကျ နေတတ်ပါတယ်။ နောက်ပြီး၊ ရှေ့မှာလုပ်နေကြတဲ့သူတွေက နေရာမပေးလိုတဲ့ ပြဿနာ၊ မသင်ပေးချင်တဲ့ ပြဿနာတွေ ကြုံတွေ့ရပြန်ပါတယ်။

                အသည်းအယားဆုံး အခက်အခဲကတော့ ဒီလိုလွယ်လွယ်လေး လုပ်လို့ရအောင် နည်းပညာက အဆင့်မြှင့်ပေးထားရက်နဲ့ ခက်ခက်ခဲခဲ ဆက်ပြီးသုံးနေတဲ့ အနေအထားပါ။ အဲဒါကို ဘယ်လိုမှ ခံစားလို့ မရပါဘူး။ 

                တကယ်တန်း နည်းပညာတွေ တိုးတက်လာတယ်ဆိုတာ ပိုပိုပြီး လွယ်၊ ပိုပိုပြီး ကောင်းတဲ့ အနေအထားကို ရောက်လာတာပါ။ အဲဒီလို အနေအထားကို အလိုက်သင့် လိုက်ပါပြောင်းလဲပြီး နေရမယ့်အစား တစ်နေရာတည်းမှာ ကျောက်ချပြီး နေရမယ့် ပုံစံကို ဘယ်လိုမှ မနှစ်သက်ပါဘူး။ 

                အဲဒီတော့ Research and Development ကိုပဲ ပြန်ရွေးဖြစ်ပါတယ်။ အဲဒီလို ရွေးလိုက်ပြီ ဆိုကတည်းက အားနည်းချက်တွေကိုလဲ တစ်ခါတည်း ပြုပြင်ဖို့ ကြံစည်ရပါတော့တယ်။ အဲဒီလို အားနည်းချက်တွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်တိုင် ပုံစံမကျသေးတဲ့အတွက် သူများကို ပြောပြ၊ သင်ပြပေးဖို့ ခက်တယ်ဆိုတဲ့ အားနည်းချက်ကို ပြုပြင်ရင်း ဆရာလုပ်ဖို့ အကြောင်းကံပါလာတယ်လို့ ဆိုရပါလိမ့်မယ်။

                ကိုယ်က Team Leader အနေနဲ့ လုပ်နေတယ်၊ နည်းလမ်းအသစ်ကိုလဲ သုံးချင်တယ်ဆိုရင် ပထမဦးဆုံး လုပ်ရမယ့် အလုပ်က ကိုယ်တိုင်လေ့လာရပါမယ်။ နောက်တော့ သူများတွေကို ရှင်းပြရပါမယ်။ အဲဒီအပြင် ကိုယ့်အဖွဲ့ထဲက လူတွေ လိုက်လုပ်လို့လွယ်အောင် လမ်းကြောင်းတွေလဲ ချပြဖို့ လိုပါတယ်။ 

                အဲဒီတော့ အသစ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်အဖွဲ့ကလူတွေကို နားလည်အောင် ဘယ်လိုရှင်းပြမလဲဆိုတဲ့ အပိုင်းကိုလဲ တစ်ခါတည်း လေ့လာရပါတော့တယ်။ အဲဒီလို လေ့လာတဲ့ နေရာမှာ Development ပိုင်းနဲ့ တွဲနေတာဆိုတော့ ဘယ်လို Development လုပ်မလဲဆိုတာကို လေ့လာရသလို ကိုယ့်အဖွဲ့အနေနဲ့ ဘယ်လို လိုက်ပြီး Development လုပ်နိုင်မလဲဆိုတဲ့ လမ်းကြောင်းကိုလဲ ရှာပေးရပါတယ်။ 

                အဲဒီမှာ စတွေ့တာက ကိုယ်တိုင်သိတဲ့ အနေအထား၊ ကိုယ်တိုင် Development လုပ်တဲ့အနေအထားအတွက် အတိုင်းအတာ တစ်ခုအထိ လေ့လာရင် ရပေမယ့် သူများကို ရှင်းပြရမယ့် အနေအထား၊ သူများကို လမ်းကြောင်း ချပေးရမယ့် အနေအထားက အတော်လေးကို ခက်တာတွေ့ရပါတယ်။ 

                သူများကို ရှင်းပြဖို့ ကိုယ်တိုင် အသေးစိတ် အရင်ဆုံး သိအောင် အရင်လုပ်ရပါတယ်။ အိုင်းစတိုင်းရဲ့ စကားတစ်ခွန်းကို ပြန်ညွှန်းရမယ်ဆိုရင်

"သင့်အနေနဲ့ အကြောင်းအရာတစ်ခုကို လူများနားလည်အောင် အလွယ်ဆုံး မရှင်းပြနိုင်သေးဘူးဆိုရင် အဲဒီ အကြောင်းအရာကို သင်ကိုယ်တိုင် သေသေချာချာ မသိသေးဘူး"

ဆိုတဲ့ စကားပါ။

                တကယ့်လက်တွေ့မှာလဲ အဲဒီအတိုင်းပါပဲ၊ နားလည်လွယ်အောင် ဘယ်လို ဥပမာသုံးမလဲ၊ အတိုဆုံးနဲ့ နားလည် အလွယ်ဆုံး နည်းလမ်းက ဘာလဲ စသည်ဖြင့် အသေးစိတ် ပြန်လေ့လာရပါတယ်။ 

                တစ်ချို့ နည်းပညာတွေဟာ Concept အပေါ်မှာ အခြေခံထားတဲ့အတွက် အဲဒီ Concept တွေကို အသေးစိတ် နားလည်အောင် ပြန်ဖတ်ရပါတယ်။ အဲဒီလိုပြန်ဖတ်ထားတဲ့ Concept ကို Development ပိုင်းမှာ ဘယ်လို ပေါင်းစပ်ရမလဲဆိုတာကိုလဲ ပြန်လေ့လာရပါတယ်။ 

                တစ်ချို့နည်းပညာတွေက အတွင်းကနေ ချဉ်းကပ်လို့ နားမလည်နိုင်ပေမယ့် အပြင်က ပြန်ချဉ်းကပ်ရင် နားလည်လွယ်ပါတယ်။ ဥပမာ – Laravel ကို လေ့လာဖို့ Ruby on Rails ဖက်က ပြန်ချဉ်းကပ်တာမျိုးပေါ့။ အဲဒီလို နည်းလမ်းတွေကိုလဲ သုံးရပါတယ်။ 

                နောက်အရေး အကြီးဆုံးအပိုင်းကတော့ ကိုယ်လုပ်မယ့် နည်းလမ်းအသစ်နဲ့ နဂိုနည်းလမ်းအဟောင်းရဲ့ အားနည်းချက်၊ အားသာချက်တွေကို နှိုင်းယှဉ်ရတာပါ။ အဲဒီလို နှိုင်းယှဉ်ဖို့အတွက် နည်းလမ်း အဟောင်းကိုလဲ ပြန်ပြီး လေ့လာရပြန်ပါတယ်။ 

                အဲဒီလို အဖက်အဖက်က ပြည့်စုံအောင် လုပ်ပြီးမှ သူများကို အောင်အောင်မြင်မြင် ရှင်းပြနိုင်ပြီး ကိုယ်လုပ်ထားတဲ့ Research ဟာ Development နဲ့ တွဲမိပြီး Research and Development ဖြစ်လာပါတယ်။

                ကျွန်တော့်အနေနဲ့ အဲဒီကတည်းက တစ်ခုခု လေ့လာတော့မယ်ဆိုရင် သူများကို ဘယ်လိုရှင်းပြမလဲ၊ နောက် ကိုယ့်နောက်မှာ ရှိနေတဲ့အဖွဲ့ကို ဘယ်လို လမ်းကြောင်းချပေးမလဲ စသည်ဖြင့် လေ့လာတဲ့ အမူအကျင့်တစ်ခု တိုးလာပါတယ်။ အဲဒီ လမ်းကိုရွေးလိုက်တဲ့အတွက် တစ်ချို့အခွင့်အရေးတွေ ဆုံးရှုံးသွားပါတယ်။ 

                ကိုယ်တိုင် Development လုပ်ဖို့အတွက် အတိုင်းအတာတစ်ခုအထိ သိရင် စလို့ရပေမယ့် သူများကို ရှင်းပြဖို့ လုပ်နေရာတဲ့အတွက် အချိန်ကုန်ပါတယ်။ နောက် လေ့လာတဲ့နေရာမှာ သူများထက် အများကြီး နှေးသွားပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်လုပ်ချင်တဲ့ Research and Development ကို လုပ်နေရတဲ့အတွက် ကျေနပ်နေပါတယ်။

                ကျွန်တော်ရဲ့ နည်းပညာပိုင်းမှာ ဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ အကြောင်းဖန်လာတဲ့ အစကတော့ အဲဒီအတိုင်းပါပဲ။ ကျွန်တော် တစ်ခါက ရေးဖူးသလို ဆရာဆိုတာ သူများတွေကို ဆရာလုပ်ချင်လို့ ဖြစ်လာတာ မဟုတ်ပဲ၊ သူများတွေကို ကိုယ် သိသလို သိစေချင်သူ၊ သူများတွေကို ကိုယ်သိ ကိုယ်တတ်တာထက် ပိုပြီး သိစေ၊ တတ်စေချင်သူ၊ နောက်ဆုံးမှာ သူများအကျိုးကို ကိုယ့်အကျိုးထက် ပိုလိုလားတဲ့သူ ဖြစ်တယ်ဆိုတာ နောက်ပိုင်းမှာ ပိုပိုပြီး သိမြင်ခံစားလာရပါတယ်။ 

                ဒီဆောင်းပါးမှာ နည်းပညာပိုင်းမှာ သင်ကြားနေကြတဲ့သူတွေ ဆရာတွေအချင်းချင်း အတွေ့အကြုံဝေမျှတဲ့ သဘောလဲ ဖြစ်စေ၊ နောက်လာမယ့် ဆရာမျိုးဆက်အတွက် နည်းပေးလမ်းပြလဲ ဖြစ်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးပါတယ်။

                လိုအပ်ချက်တွေ ရှိတယ်၊ အကြံပြုချက်တွေ ရှိမယ်ဆိုရင် ထောက်ပြဝေဖန်ပေးဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျ။

ဆရာလုပ်တယ်ဆိုတာ ဆရာလုပ်ချင်လို့ မဟုတ်ပါ

                ခေါင်းစဉ်ကို ဖတ်လိုက်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားမယ် ထင်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဆရာအဖြစ် အသက်မွေး ဝမ်းကျောင်းဖို့ ဖြစ်လာတယ်ဆိုတာ နေရာတကာ သူများကို ဆရာလုပ်ချင်တဲ့ အလေ့အကျင့်ကြောင့် မဟုတ်ပါဘူး။ 

                ကျွန်တော့် အမြင်အရ ကိုယ်က ဘာမှမတတ်ပဲ၊ ဒါမှမဟုတ် ကိုယ်သိ၊ ကိုယ်တတ်ထားတာ နည်းနည်းလေးနဲ့ သူများကို ဆရာလိုက်လုပ်နေတယ်ဆိုတာ ဗိုလ်ကျတဲ့ နည်းလမ်းတစ်မျိုးပဲလို့ မြင်ပါတယ်။ 

                ကျွန်တော့် အဖေရဲ့ အဆုံးအမအောက်မှာ နေလာတဲ့သူတစ်ယောက် အနေနဲ့ နှိမ်နှိမ်ချချ နေတတ်တဲ့ အလေ့အကျင့်ကလဲ ရှိတော့ သူများကို ဆရာလိုက်လုပ်တဲ့ အလေ့အကျင့်လဲ အားနည်းပါတယ်။ ဒါပေမယ့် သေသေချာချာ မသိ၊ သေသေချာချာ မတတ်ပဲ ကိုယ့်ကို ဆရာလာလုပ်တာတော့ မကြိုက်ပါဘူး။ 

                တကယ်တန်း ဆရာလုပ်တယ်ဆိုတာ ကိုယ်သိ ကိုယ်တတ်ထားတာကို သူများကို ရှင်းပြချင်တဲ့ စိတ်ရှိသူဖြစ်ပါတယ်။ ကိုယ်သိ ကိုယ်တတ်ထားတာထက် သူများတွေ ပိုပြီးသိ ပိုပြီးတတ်သွားတာကို လိုချင်တဲ့သူ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဆရာဆိုတာ ကိုယ့်အကျိုးထက် သူများ အကျိုးကို ပိုလိုလားတဲ့သူ ဖြစ်လာပါတယ်။

                တစ်ခါက ဒေါ်အောင်ဆန်းစုကြည် ဆရာဝန်တွေနဲ့ ပတ်သက်ပြီး ပြောသွားတဲ့ မှတ်ချက်တစ်ခုရှိပါတယ်။ လူတိုင်းဝိုင်းပြီး ဝေဖန်ကြတာ ပွက်လောရိုက်သွားပါတယ်။ ဆရာဝန်ဆိုတာ ပိုက်ဆံ မရှာသင့်ဘူးဆိုတဲ့ မှတ်ချက်ထင်ပါတယ်။ ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို အပြည့်အဝ လက်ခံနိုင်ပါတယ်။ 

                ကျွန်တော်တို့ ဆရာတွေအနေနဲ့လဲ ပိုက်ဆံမရှာသင့်ပါဘူး။ ဆရာဝန်က ဆေးကို အကောင်းဆုံးကုနေမယ်ဆိုရင် ပိုက်ဆံကို ရှာနေစရာမလိုပဲ၊ ပိုက်ဆံက ဆရာဝန်ကို လာရှာပါလိမ့်မယ်။ ဆရာတွေ အနေနဲ့လဲ စာကို ကောင်းသထက်ကောင်းအောင် သင်နေမယ်ဆိုရင် ပိုက်ဆံက ဆရာ့ကို လာရှာပါလိမ့်မယ်။

နည်းပညာ ဆရာနှင့် Research and Development

                နည်းပညာပိုင်းမှာ ဆရာလုပ်တော့မယ်ဆိုရင် Research and Development ပိုင်းကိုပါတွဲပြီး လုပ်ရတော့မှာ သေချာပါတယ်။ Research and Development ပိုင်းကို မလုပ်ချင်ပဲ စာပဲသင်ချင်တယ်ဆိုရင်တော့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ နည်းပညာခေတ်မှာ သင်တဲ့စာတွေလဲ နောက်ကျ ကျန်ခဲ့ပါလိမ့်မယ်။ Concept တွေကိုပဲ အဓိကထားသင်မယ် ဆိုရင်တောင် R & D မပါတဲ့ အခြေအနေမှာ Concept တွေဟာ ဟောင်းသွားနိုင်ပါတယ်။ 

                ဒါပေမယ့် ဒီနေရာမှာ စောတက တက်နိုင်စရာ ရှိတာက Concept ဆိုတာ အချိန် အတော်ကြာမှ ဟောင်းတာပါ၊ ဟိုးအရင်ကတည်းက Concept တွေ အခုထက်ထိ သုံးလို့ ရနေတာပဲလို့  ပြောမယ်ဆိုရင်တော့ ပြောစရာရှိပါတယ်။ 

                ဒါပေမယ့် ကျွန်တော်တို့ နည်းပညာ ဆရာတွေဟာ Concept တစ်ခုတည်း ချပြလို့ မရပါဘူး။ ကျွန်တော့်အမြင်အရ နည်းပညာ ဆရာတစ်ယောက် အနေနဲ့

  1. Programming Concept, Development Concept and Business Concept စသည်တို့ကို သင်ပေးဖို့ လိုပါတယ်။
  2. Development Skill ကို ချပြဖို့ လိုပါတယ်။
  3. Problem Solving Skill အတွက် မောင်းနှင်ပေးဖို့ လိုပါတယ်။

                Programming Concept တွေဆိုတာ သိပ်ပြီး မပြောင်းလဲပါဘူး။ Object-Oriented Concept အထိသာ အခုအချိန်အထိ တိုးတက်မှုဖြစ်စဉ်အရ ရှိနေပါသေးတယ်။ ဒါပေမယ့် အကြီးအကျယ် ပြောင်းလဲနေတာ Development Concept အပိုင်းတွေ ဖြစ်ပါတယ်။ 

                နောက် Business Concept အရလဲ Cloud Computing ဖက်ကို သွားနေတာဖြစ်တဲ့အတွက် အပြောင်းအလဲတွေ အင်မတန် မြန်ဆန်နေပါတယ်။ Development Skill ပိုင်းကို ချပြဖို့ဆိုတာ နည်းပညာဆရာအနေနဲ့ အပေါ်က Skill Set အားလုံးကို လေ့လာထားမှ အဆင်ပြေနိုင်ပါလိမ့်မယ်။

Programming Concept + Development Concept + Business Concept = Development Skill

                အပေါ်မှာ ပြထားတဲ့ ညီမျှခြင်းအတိုင်း သွားမှသာ ကျောင်းသားတွေအတွက် ကိုယ်ပေးချင်တဲ့ Development Skill ကို ပေးနိုင်မှာ ဖြစ်ပါတယ်။ Development Concept ပိုင်းရော Business Concept အပိုင်းမှာပါ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ အနေအထား ဖြစ်တဲ့အတွက် R&D မပါပဲ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ 

                Problem Solving Skill ပိုင်းကတော့ ကျောင်းသားတွေကိုယ်တိုင် ပါဝင်ပတ်သက်လာအောင် ဆွဲဆောင်ဖို့ လိုပါတယ်။ အဲဒီအတွက် အကောင်းဆုံးကတော့ Project တွေရေးခိုင်းလိုက်တာပါပဲ။ အဲဒီ အပိုင်းကို နောက်ပိုင်းမှာ ဆက်ပြောမှာ ဖြစ်တဲ့အတွက် ဒီအပိုင်းမှာတော့ ချန်ထားခဲ့ပါမယ်။ 

                Development Concept အပိုင်းတွေကို ပေးဖို့အတွက် အပြောင်းအလဲတွေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်။ မျက်ခြေမပြတ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ Research and Development ပါပဲလို့ ဆိုချင်ပါတယ်။

                အဲဒီအတွက် ကျွန်တော် ဥပမာပေးပါ့မယ်။ CSS မှာ position: relative; နဲ့ position: absolute; ဘယ်လို အလုပ်လုပ်လည်း ဆိုတဲ့ အကြောင်းကို ရှင်းပြဖို့ ဖြစ်ပါတယ်။ ပထမဆုံး အောက်မှာပြထားတဲ့အတိုင်း HTML နဲ့ CSS နည်းနည်းပါးပါး ရေးလိုက်ပါ့မယ်။

 


                အဲဒါကို နားလည်အောင် သင်ဖို့ ကျွန်တော်က body -> container -> inner ဆိုတဲ့ အဆက်အစပ် အပေါ်မှာ container က အဖေ၊ inner က သားဆိုပြီး ဥပမာပေးပါတယ်။ သားလုပ်တဲ့သူ inner က နည်းနည်း ဂျစ်ကန်ကန်နိုင်ပါတယ်။ 

                အဖေရဲ့ နေရာထဲမှာ အလိုက်သင်မနေချင်ပါဘူး။ ဒီတော့ သူနေချင်တဲ့ နေရာမှာ သူနေမယ်လို့ သူ့အဖေကို အကြံပြုပါတယ်။ အဲဒီလို နေချင်တဲ့ နေရာမှာ နေမယ်ဆိုတာကို အောက်မှာပြထားတဲ့အတိုင်း position: absolute နဲ့ သတ်မှတ်တယ်လို့ ပြောပါတယ်။


                အဲဒီလို အဖေ့ကို နေချင်တဲ့ နေရာမှာ နေမယ်လို့ ပြောပြီးတာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ ရပါပြီ။ ဒီတော့ ဘယ်ဖက်က ဘယ်လောက်ခွါမယ်၊ အပေါ်ဖက်က ဘယ်လောက် ခွါမယ်ဆိုပြီး ပြောလို့ ရပြီပေါ့။ လာထား …


                အဲဒီမှာ browser မှာ run ပြလိုက်ပါတယ်။ အဲဒီတော့ ကျောင်းသားတွေ အနေနဲ့ သားဖြစ်တဲ့သူ inner က အဖေ့ရဲ့ နေရာထဲမှာ မနေပဲ အပြင်ထွက်သွားတယ်ဆိုတာ သတိထားမိပါတယ်။ အဲဒီတော့ ဟ … ဒီသားက အဖေနေရာမှာ မနေပဲ ဘယ်နားသွားကပ်နေပါလိမ့်၊ အော် အဖေက စိတ်ဆိုးနေတာကိုး၊ မင်းကို အမျိုးအဖြစ် အသိအမှတ် မပြုတော့ အမျိုးအရင်းကြီးဖြစ်တဲ့ အဖိုး body ကို သွားကပ်နေတယ်။ အဲဒီ အချိန်မှာပဲ အဖေက စိတ်ပြေလာပြီး ငါ့သားကို ပြန်ခေါ်မှပဲလို့ အကြံရပါတယ်။


                အဲဒီ အပေါ်ကစာသားလေးကတော့ အဖေစိတ်ပြေသွားပြီး inner က ငါ့သားအရင်းပါလို့ ကြေငြာပေးလိုက်တာပါ။ အဲဒီတော့မှ သားက အဖေဆီ ဝမ်းသာမျက်ရည်နဲ့ ပြေးပြီးဖက်၊ ဇာတ်ပေါင်းခန်း ရောက်သွားပါတယ် ခင်ဗျာဆိုပြီး နောက်ဆုံး အခြေအနေကို run ပြလိုက်ပါတယ်။ အဲဒီတော့ ကျောင်းသားတွေ အားလုံးလဲ ပျော်ပျော်ရွှင်ရွှင်နဲ့ မှတ်မိသွားပါတယ်။

                အနီးဆုံး ချဉ်းကပ်လမ်းကို ရှာဖွေပါဆိုတာ အဆင့်တွေ ကျော်ချပြီး လမ်းကြောင်းပေးတာ မဟုတ်ဘူးဆိုတာ သတိထားဖို့ လိုပါလိမ့်မယ်။ အဲဒီလို အဆင့်တွေကို ကျော်လိုက်တယ်ဆိုရင် တစ်ချိန်မဟုတ်တစ်ချိန်မှာ ကျောင်းသာအနေနဲ့ ဒုက္ခတွေ့နိုင်ပါတယ်။ အနီးဆုံးချဉ်းကပ်လမ်းဆိုတာ မှန်ကန်တဲ့လမ်းလဲ ဖြစ်ရမယ်၊ အဆင့်ဆင့် ကြောင်းကျိုးဆက်စပ်မှုရှိတဲ့ လမ်းလဲဖြစ်ဖို့ လိုပါတယ်။

                အနီးဆုံးလမ်းကို ရွေးပေးတဲ့အခါမှာ အတော်လေးကို ပညာသားပါပါတယ်။ Teaching Method မျိုးစုံကိုလဲ သုံးရသလို၊ တစ်ဖက်လှည့်နဲ့ ပြန်ပေးရတဲ့ အနေအထားတွေလဲ ရှိပါတယ်။ တစ်ချို့ကိစ္စတွေဟာ ပုံမှန်အတိုင်း သွားနေရင် နားလည်ဖို့ ခက်ပေမယ့် တစ်ခြား တစ်ဖက်က ချဉ်းကပ်လိုက်ရင်တော့ နားလည်ရလွယ်သွားပါတယ်။

                ကျွန်တော်တို့ ကျောင်းသားတွေအတွက် အတိုဆုံးနည်းလမ်းတွေကို ချပြတဲ့အခါမှာ အဓိက အကျဆုံး သတိထားရမယ့် အချက်က အခုပြတာ အတိုဆုံးလမ်းသာ ဖြစ်တယ်၊ ဒီလမ်းကို လျှောက်ရမယ်၊ ဒီလမ်းလေးကို ဖက်တွယ်ပြီး လုပ်စားဖို့ မဟုတ်ဘူးဆိုတာ သတိပေးဖို့ပါ။ ဆရာပြပေးတဲ့ လမ်းလောက်ကို လျှောက်ပြီး ရှေ့ဆက် မလုပ်ဘူးဆိုရင် ဆရာကိုပဲ မှီခိုနေရင် အလုပ်မဖြစ်နိင်ဘူးဆိုတာ ပြတ်ပြတ်သားသား သတိပေးထားဖို့ လိုပါတယ်။

                အနီးဆုံး ချဉ်းကပ်လမ်းကို ရှာဖွေပေးဖို့ လိုအပ်တဲ့ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ အနေအထားပါ။ ကိုယ်က တပည့်တွေကို ပုံမှန်လမ်းကြောင်း အတိုင်း ခေါ်သွားမယ်၊ တကယ်လဲ ခရီးကိုရောက်ရော အားလုံး ခေတ်နောက်ကျကုန်ပြီ ဆိုတဲ့ အနေအထား ရောက်သွားနိုင်ပါတယ်။ 

                အနီးဆုံးလမ်းကို ရှာဖို့ဆိုတာ တကယ်တန်းတော့ အတော်လေးကို ပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ R&D အပိုင်းကို နေ့မအိပ်၊ ညမအိပ်လုပ်ရပြီး ကိုယ်ကိုယ်တိုင်က အစအဆုံး သိအောင် လုပ်ရပါတယ်။ နောက်တော့ ဘယ်လိုရှင်းပြမယ်၊ ဘယ်လို တွဲခေါ်မယ်၊ ဘယ်လို တွန်းပို့မယ်၊ ဘယ်လို ဆွဲဆောင်မယ်၊ ဘယ်လို လျောက်ခိုင်းမယ် စသည်ဖြင့် အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေရတာ ဖြစ်တဲ့အတွက် အချိန်အတော်ကုန်ပါတယ်။

နိဂုံး 

                ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကိုယ်တစ်နှစ်လောက် လုပ်လာရတာကို တပည့်တွေအနေနဲ့ တစ်လလောက်အတွင်း နားလည်သွားမယ်ဆိုရင်၊ အဲဒီထက်ပိုပြီး တစ်နှစ်လောက်လုပ်လာတာကို တစ်ရက်နဲ့ နားလည်သွားမယ်ဆိုရင်၊ အဲဒီထက် ပိုပြီး တစ်နှစ်လောက် လုပ်လာတာကို တစ်နာရီတည်းနဲ့ နားလည်သွားမယ်ဆိုရင် သင်ကြားရေးအပိုင်းမှာ အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။ 

                အဲဒီလို လမ်းတွေ တိုသွားမှသာ နီးသွားမှသာ သူများနောက်မှာ ပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံအတွက် အမြန်ဆုံး လိုက်နိုင်မယ့် အခြေအနေကို ဖန်တီးနိုင်ပါလိမ့်မယ်။